နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

နတ်မောက် မေ ၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ Mask Campaign ပြုလုပ်ခြင်းကို မေ ၁ ရက် နံနက်ပိုင်းက   မြို့မစည်ပင်သာယာရေးဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ(Mask Campaign)တွင် ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ခရီးသွား ပြည်သူများကို Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး လက်တွေ့တပ်ဆင်ပေးခြင်း၊ နေအိမ် အပြင်ထွက်ပါက Mask နှာခေါင်းစည်းတပ်ဆင်သွားကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာရေ (သို့မဟုတ်) အယ်လ်ကိုဟော(အနည်းဆုံး ၆၀ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ တတ်နိုင်သမျှလူစုလူဝေးရှောင်ကြဉ်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြပါရန်၊ ယခုအခါ ကိုဗစ်-၁၉ရောဂါပိုးများ ပြန်လည် တွေ့ရှိနေမှုကြောင့် ဂရုစိုက် နေထိုင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန်နှင့် ကိုဗစ်-၁၉ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံသွားကြရန် အသိပေးပြောကြားခဲ့ပြီး Mask (၁၅၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

ထို့နောက် (Mask Campaign)ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ စုပေါင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

လှဝင်း