နတ်တလင်း မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တောင်သူများအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၁၆ ရက် ညနေပိုင်းက မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာတွင် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ဂျိတ်တောကြီးကျေးရွာအုပ်စုမှ တောင်သူ ၁၅ ဦးအား တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ၁၂၁ ဧကအတွက် ငွေကျပ် ၁၈၁ သိန်း ငါးသောင်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေ ကာလကို မေလမှ စက်တင်ဘာလကုန်အထိ သတ်မှတ်ထားပြီး တစ်မြို့နယ်လုံးအတွက် ချေးငွေ လျာထားငွေ ကျပ် ၇၂၆၁ ဒသမ ၅ သန်း လျာထားကြောင်း မြို့နယ် မန်နေဂျာ ဒေါ်သန်းသန်းကြူထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)