နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေး

နေပြည်တော် ဩဂုတ် ၂၉

 

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနသည် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ၊ Japan Heart အဖွဲ့မှ ခွဲစိတ်အထူးကု သွားဆရာဝန်ကြီး Dr.Naoko KISHI နှင့်ပူးပေါင်း၍ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ နေပြည်တော် သွားနှင့် ခံတွင်းအထူးကုဆေးရုံတွင် Joint Operation အနေဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး လူနာများအား ခွဲစိတ်ကုသခြင်းနှင့် လက်တွေ့သင်ကြားပို့ချမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစီအစဉ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၉)ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီး သွားနှင့်ခံတွင်း ဆရာဝန်များအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည်။ ထို့ပြင် ၎င်းတို့ တာဝန်ကျရာ ပြည်သူ့ဆေးရုံကြီးများတွင် အလားတူခွဲစိတ်ကုသမှုများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

 

(၂၀၂၃)ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနရှိ ပြည်သူ့ဆေးရုံကြီးများတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို ခွဲစိတ်ကုသပေးလျက်ရှိရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် လူနာ(၂၂)ဦး၊ နေပြည်တော် သွားနှင့်ခံတွင်း အထူးကုဆေးရုံတွင် လူနာ (၇၂)ဦးတို့ကို ခွဲစိတ်ပေးခဲ့သည်။ ထို့ပြင် (၂၀၂၃)ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ နှုတ်ခမ်းကွဲလူနာ (၆၃)ဦးနှင့် အာခေါင်ကွဲလူနာ (၃၈)ဦးကို လည်းကောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ နှုတ်ခမ်းကွဲ လူနာ (၉)ဦးနှင့် အာခေါင်ကွဲလူနာ (၄)ဦးကိုလည်းကောင်း၊ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး တွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၈၂)ဦး ကို ခွဲစိတ်ပေးခဲ့ကြောင်းနှင့် မကြာမီ လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီး၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတို့တွင် ခွဲစိတ်ကုသမှုဆောင်ရွက်ရန် တိုးချဲ့စီစဉ်လျက်ရှိသဖြင့် ခွဲစိတ်ကုသမှု ဆောင်ရွက်လိုသူများ အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့အပြင် အထက်ဖော်ပြပါ ပြည်သူ့ဆေးရုံကြီးများရှိ သွားနှင့် ခံတွင်းပြင်ပလူနာဌာနများသို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်