နျူကလီးယား လက်နက်ဖျက်သိမ်းရေး မျှော်လင့်ချက်

ကလျာမိုးမြင့်

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ နျူကလီးယား လက်နက်စမ်းသပ်မှုတွေကို ရှစ်ရက်အတွင်း သုံးကြိမ်မြောက်အဖြစ် သြဂုတ် ၂ ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က သတင်းဖော်ပြခဲ့ပါတယ်။ ဒီအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆက်တိုက် လုပ်ဆောင်နေတဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ သိပ်ပြီးတော့ ပြဿနာမရှိလှဘူးလို့ မှတ်ချက်ပေးခဲ့ တာကို တွေ့ရပါတယ်။

မျှော်လင့်ချက်မကုန်သေး

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေအရ တိုက်ချင်းပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုကို ပိတ်ပင်ထားတာခံရတာကြောင့် ၎င်းရဲ့ဒုံးကျည် စမ်းသပ်မှုတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေလင့်ကစား သမ္မတထရမ့်ကတော့ မျှော်လင့်ချက်မကုန်သေးတဲ့ အနေအထားမျိုး ဖော်ပြခဲ့ပါတယ်။ ၎င်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တာ သုံးကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သလို ၎င်းတို့တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဖြစ်ရပ်တိုင်းဟာလည်း ကမ္ဘာ့သတင်းမီဒီယာ အများအပြားရဲ့ ခေါင်းကြီးသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

မစတင်နိုင်သေး

ဒုံးကျည်စမ်းသပ်မှုတွေက ကျွန်တော့်အတွက် သိပ်ပြီး ကိစ္စမရှိဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ မြင်ရမှာပဲ။ ဒါပေမယ့် တာတိုပစ် ဒုံးကျည်တွေဟာ အတော်လေးတော့ အဆင့်မြင့် လာတယ်ဆိုရမယ်လို့ အိုဟိုင်းယိုးမှာ ပြုလုပ်မယ့် လူထုစုဝေးမှုတစ်ခုဆီသွားဖို့ အိမ်ဖြူတော်က ထွက်ခွာခဲ့ချိန်မှာ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်ကင်နဲ့ သမ္မတထရမ့်တို့ဟာ ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် အတွင်းမှာ ဇွန်လက မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြချိန်အတွင်း နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူညီခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်သဘောအဆင့် စကားပြောဆို ဆွေးနွေးမှုတွေကိုတောင် အခုချိန်အထိ မစတင်ရ သေးပါဘူး။

ပူးတွဲစစ်ရေးလေ့ကျင့်မှု

မြောက်ကိုရီးယားအနေနဲ့ စိတ်ကသိကအောက်ဖြစ်နေရတဲ့ ကိစ္စတစ်ခုလည်း ရှိနေပါတယ်။ အဲဒါကတော့ မကြာခင်အချိန်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံက တပ်ဖွဲ့ဝင်တွေ ပူးတွဲ စစ်ရေး လေ့ကျင့်မှုပြုလုပ်မယ့် ကိစ္စပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတချို့က ဒုံးကျည်တွေကို မကြာခဏဆိုသလို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်နေတာဟာ အမေရိကန်ကို ဖိအားပေးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ပြုံယမ်းကိုယ်တိုင်ကလည်း ဒီလိုတွေ ပစ်လွှတ်နေတာက ပူးတွဲစစ်ရေး လေ့ကျင့်မယ့်ကိစ္စကို သတိပေးနေတာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါတယ်။

ကြန့်ကြာနိုင်

သမ္မတထရမ့်ဘက်က ကိစ္စမရှိဘူးလို့ ဆိုနေပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေကတော့ အခုနှစ် နှောင်းပိုင်းမရောက်ခင်အထိ ကြန့်ကြာသွားနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ သြဂုတ် ၂ ရက် အစောပိုင်းမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်နှစ်စင်းကို အရှေ့ဘက် ကမ်းခြေဆီကနေ ပစ်လွှတ်လိုက်ပြီး အဲဒီအရာက ၂၂၀ ကီလိုမီတာ (မိုင်ပေါင်း၁၄၀)လောက်အထိ ပျံသန်းခဲ့ပါတယ်။ ဒုံးကျည်ဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့်ပေ ၂၅ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး အမြန်နှုန်းအားဖြင့် အသံ၏အမြန် နျူကလီးယား လက်နက်ဖျက်သိမ်းရေး မျှော်လင့်ချက်နှုန်းပမာဏဖြစ်တဲ့ ၆ ဒသမ ၉ မက်ချ် ရှိခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

ယခင်နဲ့မတူတဲ့ အမြန်နှုန်း

ဒီအတိုင်းအတာဟာဆိုရင် တာတိုပစ်ဒုံးကျည် တစ်စင်းအတွက် ယခင်နဲ့မတူအောင် မြန်ဆန်တဲ့ နှုန်းလို့လည်း သိရပါတယ်။ ဒုံးကျည်ပျံသန်းမှု အချက်အလက်တွေက ဇူလိုင် ၃၁ ရက်တွင် စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ အချက်အလက်တွေနဲ့ တစ်ပုံစံတည်းဖြစ်ပြီး တောင်ကိုရီးယားသမ္မတရုံးက ဒါဟာ တာတို ပစ်ဒုံးကျည်အမျိုးအစားသစ် တစ်ခုဖြစ်ဖို့ များတယ်လို့ ပြောကြားခဲ့ပါတယ်။ ပ

ြီးတော့ အခုရက်သတ္တပတ် အစောပိုင်းမှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းကို ပြုံယမ်းက ဖွံ့ဖြိုးမှုအဆင့်မြှင့်တင်ထားတဲ့ ပြောင်းဝကျယ်ပြီး အချက်ပေါင်းများစွာ ပစ်နိုင်အောင် လုပ်ဆောင်ထားတဲ့ ဒုံးကျည်စနစ်တစ်ခုလို့ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက တာတိုပစ် ဒုံးကျည်နှစ်စင်းကို ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး အဲဒီထဲကတစ်စင်းဟာ ၇၀ဝ ကီလိုမီတာနီးပါးအထိ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ဆိုထားပါတယ်။

ပြန်လည်သင့်မြတ်

၂၀၁၇ ခုနှစ်အတွင်း သမ္မတထရမ့်နဲ့ ခေါင်းဆောင်ကင်တို့ဟာ အပြန်အလှန် ပုဂ္ဂိုလ်ရေး ထိုးနှက်မှုတွေနဲ့ စစ်ပွဲဆင်နွှဲဖို့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ရင်း တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးတဲ့ နောက် ၂၀၁၈ ခုနှစ်မှာတော့ ကိုရီးယားကျွန်းဆွယ်နဲ့ အနီးတစ်ဝိုက်မှာ သံတမန်ရေးအရ မြန်မြန်ဆန်ဆန် ပြန်လည်သင့်မြတ်မှုရရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမှန်တကယ် နျူကလီးယား လက်နက်ဖျက်သိမ်းရေး ကြိုးပမ်းရာမှာ တိုးတက်ဖြစ်ထွန်းမှု နှေးကွေးခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ၎င်းရဲ့ နျူကလီးယားလက်နက်အားလုံးကို စွန့်လွှတ်မယ်လို့ သဘောတူဖို့ လိုအပ်နေသေးသလို ဝါရှင်တန်က မြောက်ကိုရီးယားအပေါ် လုပ်ဆောင်နေတဲ့ အရေးယူပိတ်ဆို့မှုတွေ ဆက်ရှိနေဖို့လိုတယ်လို့ အခိုင်အမာဆိုနေဆဲပဲ ဖြစ်ပါတယ်။

သတိပေး

ဝါရှင်တန်နဲ့ ဆိုးလ်နှစ်နိုင်ငံ တပ်ဖွဲ့ဝင်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မယ့်ကိစ္စကို မစွန့်လွှတ်ဘူးဆိုရင် အမေရိကန်နဲ့ မြောက်ကိုရီးယား နျူကလီးယားလက်နက်ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးမှု တွေနဲ့လည်း လွဲချော်သွားနိုင်တယ်လို့ ပြုံယမ်းက သတိပေးနေပါတယ်။ ဒီတော့ ပူးတွဲစစ်ရေး လေ့ကျင့်တာကို ရှေ့ဆက်တိုးရင် မြောက်ကိုရီးယားက တုံ့ပြန်တဲ့အနေနဲ့ နောက်ထပ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်လာနိုင်သေးတယ်လို့ အမျိုးသားအကျိုးစီးပွားဌာနမှ ဟယ်ရီကာဇီရာနစ်က ခန့်မှန်းချက်ပေးခဲ့ပါတယ်။

သူတစ်လှည့် ကိုယ်တစ်ပြန် လုပ်ဆောင်နေတဲ့ စစ်ရေးအရ လှုပ်ရှားမှုတွေက အလုပ်သဘောအဆင့် ဆွေးနွေးပွဲတွေကို သေချာပေါက် နှောင့်နှေးစေနိုင်တယ်လို့ ၎င်းကပြောပါတယ်။ ပင်တဂွန်ကတော့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို အပြောင်းအလဲမရှိ ဆက်လုပ်သွားမယ်လို့ဆိုထား ပြီဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေ အခြေစိုက်

နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ အမေရိကန် က ၎င်းရဲ့တပ်ဖွဲ့ဝင် ၂၈၅၀ဝ ကို မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ချထားပါတယ်။ ဒီထဲက တပ်ဖွဲ့ဝင်အများစုဟာ ဆိုးလ်မြို့တောင်ပိုင်းရှိ တောင်ကိုရီးယားနဲ့ ဝါရှင်တန်ရဲ့ ပင်လယ်ရပ်ခြားဆိုင်ရာ အကြီးဆုံး စစ်အခြေစိုက်စခန်းဖြစ်တဲ့ Camp Humphreysမှာ အခြေစိုက်လျက် ရှိပါတယ်။

နျူကလီးယားအရေးမှာ အမေရိကန်ဘက်က ကြိုးပမ်းမှုကို လေ့လာကြည့်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေဟာ ဒီအတောအတွင်း မြောက်ကိုရီးယားက မကြာခဏ လုပ်ဆောင်နေတဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေကို ဝေဖန်ရှုတ်ချခဲ့ကြပေမယ့်လည်း သမ္မတထရမ့်က မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ၎င်းရဲ့ဆက်ဆံရေး အဆင်ပြေလာအောင် လုပ်ဆောင်နေခဲ့တာကို တွေ့ရပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ပြီးပြည့်စုံပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ နျူကလီးယား ဖျက်သိမ်းရေးဆီ ဦးတည်တဲ့ ခြေလှမ်းစဖို့နဲ့ အမေရိကန်နဲ့အတူ အဓိပ္ပာယ်ပြည့်ဝတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက တိုက်တွန်းလျက်ရှိပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ