နျူကလီးယားအရေး ဆွေးနွေးပွဲမှာ မျှော်လင့်ချက်အကြီးကြီးတွေပေးခဲ့တဲ့ အမေရိကန်

ကလျာမိုးမြင့်

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ ဆွီဒင်မှာပြုလုပ်ခဲ့တဲ့ နျူကလီးယားအရေးဆွေးနွေးပွဲ မအောင်မမြင် ပြီးဆုံးခဲ့တယ်လို့ အားလုံးက သိရှိနေကြပြီဖြစ်ပေမယ့် လည်း ဆွေးနွေးပွဲမအောင်မြင်ဘူးဆိုတဲ့အချက်ကို အမေရိကန်က လက်မခံဘဲ ကောင်းမွန်တဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တွင်တွင်ပြောလျက် ရှိနေပါတယ်။


ဘာမှယူဆောင်လာခြင်း မရှိ


အစောပိုင်းမှာ မြောက်ကိုရီးယားက အမေရိကန်ဟာ နျူကလီးယား အရေးညှိနှိုင်းရာမှာ ညှိနှိုင်းဆွေးနွေးမှုစားပွဲပေါ်ကို ဘာဆိုဘာမျှယူဆောင် လာခဲ့တာမရှိဘူး။ ဒီအတွက်ကြောင့် ဆွေးနွေးပွဲပျက်ရတယ်လို့ အပြစ်ဆို ထားတာကို တွေ့ရပါတယ်။ နှစ်နိုင်ငံအကြား နျူကလီးယားအရေး ဆွေးနွေးမှု တွေ မတိုးသာမဆုတ်သာဖြစ်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဆင့်မြင့်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ဆွီဒင်နိုင်ငံမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

 


လုပ်ငန်းအဆင့် ဆွေးနွေးမှု


မြောက်ကိုရီးယားနိုင်ငံက ယခင်ပြုလုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုတွေထက် သိသိသာသာ အဆင့်မြင့်လာတယ်လို့ဆိုရမယ့် ဒုံးကျည်သစ်တစ်ခုကို စမ်းသပ် လိုက်ပြီး ရက်ပိုင်းအကြာမှာ ဒီအစည်းအဝေး ပေါ်ထွက်လာတာပါ။ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထား တဲ့ စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့ပြီးချိန်ကစလို့ ယခုဆွေးနွေးပွဲဟာ ပထမဆုံးသော လုပ်ငန်းအဆင့် ဆွေးနွေးပွဲပါပဲ။


ဆွီဒင်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သမ္မတထရမ့်ရော ခေါင်းဆောင်ကင်ပါ ရှိမနေခဲ့ကြပါဘူး။ အဲဒီအစား ကနဦးဆွေးနွေးပွဲတွေမှာ မြောက်ကိုရီးယား ကိုယ်စား ကင်မြောင်ဂီလ်နဲ့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် စတီဖင်ဘီဂန်တို့က ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ နှစ်ဦးဟာ စတော့ဟုမ်း အရှေ့မြောက်ဘက်မှာရှိတဲ့ လီဒင်ဂိအမည်ရှိ ကျွန်းတစ် ကျွန်းပေါ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီကျွန်းပေါ်မှာ မြောက်ကိုရီးယားသံရုံးစိုက်ထားတယ်လို့ သိရပါတယ်။


သဘောထားအဟောင်းကို ဆုပ်ကိုင်ထား


အောက်တိုဘာ ၅ ရက် ညနေပိုင်းမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဆိုင်ရာ ထိပ်တန်းသံတမန် ကင်မြောင်ဂီလ်က ညှိနှိုင်းဆွေးနွေးပွဲတွေဟာ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်တွေကို ပြည့်မြောက်စေခဲ့ခြင်းမရှိတဲ့အတွက် နောက်ဆုံးမှာ မအောင်မမြင်ဖြစ်ခဲ့ရတယ်လို့ သံရုံးအပြင်ဘက်မှာ သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ပျော့ပျော့ပျောင်းပျောင်းသဘောထားရှိတဲ့ ချဉ်းကပ်မှု ပုံစံလိုမျိုး အကြံပြုချက်တွေ၊ နည်းလမ်းသစ်တွေနဲ့ တီထွင်ဖန်တီးမှုရှိတဲ့ ဖြေရှင်းမှုပုံစံတွေကို ကမ်းလှမ်းခြင်းအားဖြင့် မျှော်လင့်ချက်ကြီးကြီးပေးခဲ့ တယ်။ ဒါပေမယ့် ၎င်းတို့ဘက်ကတော့ အမေရိကန်ကို တော်တော်လေးဘဝင် မကျဖြစ်မိတယ်။ ပြီးတော့ နောက်တစ်ခုပြောစရာရှိတာက အမေရိကန်ဟာ ယခင်ကရှုမြင်ပုံမျိုးနဲ့ သဘောထားအဟောင်းကြီးကို မစွန့်လွှတ်နိုင်သေးတာပဲ လို့ ကင်မြောင်ဂီလ်က ပြောကြားခဲ့ပါတယ်။


ထင်ဟပ်ခြင်းမရှိ


သို့သော်လည်းပဲ ဆွေးနွေးပွဲကျင်းပပြီးနောက် သိပ်မကြာခင်မှာ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မော်ဂန် အော်တာဂတ်စ်ထံမှ ဝိရောဓိဖြစ်စေနိုင်တဲ့ ဖော်ပြချက်တစ်ရပ်ကို ထုတ်ပြန် ခဲ့ပါတယ်။ ဖော်ပြချက်ထဲမှာပါရှိတာက မြောက်ကိုရီးယားကိုယ်စားလှယ်ဘက် က အစောပိုင်းမှာ ပေးသွားတဲ့မှတ်ချက်ဟာ ယနေ့ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေကို ထင်ဟပ်ခြင်းမရှိဘူးလို့ ဖော်ပြထားပါ တယ်။ အမေရိကန်ဟာ တီထွင်ဖန်တီးမှုရှိတဲ့ အတွေးအခေါ်အယူအဆတွေကို ဆောင်ယူလာခဲ့သလို မြောက်ကိုရီးယားလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ လာမယ့် ရက်သတ္တနှစ်ပတ်အတွင်း နောက်ထပ် စကားပြောဆိုဆွေးနွေးမှု တွေကို လက်ခံဆောင်ရွက်သွားဖို့ ဆွီဒင်ရဲ့ဖိတ်ခေါ်မှုကို ဝါရှင်တန်က လက်ခံ လိုက်တယ်ဆိုတဲ့ အကြောင်းလည်း ပါရှိတယ်လို့ မစ္စအော်တာဂတ်စ်က ပြောပါတယ်။


အဖွင့်လှုပ်ရှားမှုတစ်ခု
နိုင်ငံရေးဆိုင်ရာ လေ့လာသုံးသပ်သူအများအပြားက လတ်တလော လုပ်ဆောင်နေတဲ့ ဆွေးနွေးပွဲတွေကို သမ္မတထရမ့်နဲ့ခေါင်းဆောင်ကင် အကြား နောက်တစ်ကျော့ ထိပ်သီးဆွေးနွေးမှုအတွက် အဖွင့်လှုပ်ရှားမှုတစ်ခု လိုမျိုး ရှုမြင်ထားကြပါတယ်။


မြောက်ကိုရီးယားနဲ့ အမေရိကန်ဟာ ထိပ်သီးအစည်းအဝေးကြီး နှစ်ကြိမ် ပြုလုပ်ပြီးသွားခဲ့ပြီဖြစ်ပါတယ်။ ပထမတစ်ကြိမ်ကို ၂၀၁၈ ခုနှစ်က စင်ကာပူ နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ပတ်သက်လို့ သိပ်ပြီးရေရေရာရာမရှိလှတဲ့ သဘောတူညီမှုကနေ လက်ဆုပ် လက်ကိုင်ပြနိုင်ခြင်းမရှိသလောက်နည်းတဲ့ ရလဒ်တွေသာ ထွက်ပေါ်လာခဲ့ တာကို တွေ့ခဲ့ရပါတယ်။


ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးကိုတော့ ၂၀၁၉ ခုနှစ်မှာ ဗီယက်နမ် နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးမှာလည်း ဘာသဘောတူညီချက် မှ မရလိုက်ဘဲ မှန်းထားတာထက် စောစောပြီးဆုံးသွားပါတယ်။

 


(၁၁) ကြိမ်မြောက် စမ်းသပ်မှု


မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့ဟာ တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစား သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်လိုက်နိုင်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကတည်း က ယင်းစမ်းသပ်ပစ်ခတ်ခဲ့တဲ့ တာတိုပစ်ဒုံးကျည်တွေကြောင့် ဖြစ်လာတဲ့ တင်းမာမှုတွေက ဒီတစ်ကြိမ်မှာ ပိုပြီးသိသိသာသာဖြစ်လာခဲ့ပါတယ်။


နျူကလီးယားလက်နက်ကို တင်ဆောင်နိုင်စွမ်းရှိတဲ့ အဲဒီဒုံးကျည်ဟာ ဆိုရင် ယခုနှစ်အတွင်းမှာ မြောက်ကိုရီးယားရဲ့ (၁၁) ကြိမ်မြောက် စမ်းသပ်မှု ပါပဲ။ ပင်လယ်ပြင်မှာ စင်္ကြံ ပြုပြီး ပစ်ခတ်လိုက်တာကို ကြည့်ခြင်းအားဖြင့် ဒါကို ရေငုပ်သင်္ဘောတစ်စင်းဆီကနေ ပစ်လွှတ်လိုက်တာဖြစ်ဟန်ရှိပါတယ်။ ဒီလိုပစ်လွှတ်ပြီ ဆိုကတည်းက မြောက်ကိုရီးယားအနေနဲ့ ၎င်းရဲ့ပိုင်နက် နယ်နိမိတ် အပြင်ဘက်ကနေ ဒုံးကျည်တွေကို ပစ်ခတ်နိုင်တယ်ဆိုတဲ့ အလား အလာကို ဖော်ပြလိုက်တဲ့ အဓိပ္ပာယ်ပါပဲ။


ဖိအားပေးဖို့ရည်ရွယ်


ရေငုပ်သင်္ဘောအခြေပြု ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူပညာရှင်တွေက မြောက်ကိုရီးယားဟာ ဆွေးနွေးပွဲတွေမပြုလုပ်မီ မှာ ဖိအားတွေပေးဖို့အတွက် ယခုလိုမျိုး ဒုံးကျည်စမ်းသပ်မှုတွေကို တစိုက် မတ်မတ်လုပ်ဆောင်နေတာလို့ ထင်မြင်ယူဆလျက်ရှိနေပါတယ်။ ။


ကိုးကား - အေအက်ဖ်ပီ၊ ဘီဘီစီ