နျူကလီးယားအရေး တတိယအကြိမ်ဆွေးနွေးပွဲ ပေါ်ပေါက်လာဦးမှာလား

ထွန်းသစ်စ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ လွန်ခဲ့တဲ့နှစ် ဒီလိုအချိန်မှာ ကမ္ဘာ့ကင်မရာ မီးရောင်စုံများကြား တဖျပ်ဖျပ်၊ တချက်ချက်နဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေရိုက်နေတဲ့ အချိန်မှာ အချင်းချင်း တွေ့ဆုံကြ၊ ပြောင်းလဲတိုးတက်မှုတွေလုပ်ဖို့ ကတိတွေပေးခဲ့ကြနဲ့ နိုင်ငံတကာအရေးမှာ သက်ဝင်လှုပ်ရှားခဲ့တာဖြင့် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ဒုတိယအကြိမ်မြောက် ဟနွိုင်းမှာလုပ်ခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး သောင်မတင်ရေမကျ ပြီးဆုံးသွားပြီး အခုအခါမှာတော့ သူတို့ဟာ နှစ်နိုင်ငံအရေး စိတ်မအေးရဘဲ အပြန်အလှန်တုံ့ပြန်မှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။

အလှည့်အပြောင်းဖြစ်လာ

လွန်ခဲ့တဲ့နှစ် မေ ၁၂ ရက်က စင်ကာပူနိုင်ငံမှာ အမေရိကန်-မြောက် ကိုရီးယား တွေ့ဆုံဆွေးနွေးပွဲရဲ့ အလားအလာဟာ နှစ်နိုင်ငံကြား အေးခဲနေတဲ့ အခြေအနေတွေကို ကောင်းမွန်တဲ့ ဘက်ကို စတင်ရောက်ရှိစေမယ့် အန အထားကို ဖြစ်ပေါ်စေမယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းမှုကို ရှာဖွေတဲ့နေရာမှာတော့ တကယ့်ကို သံခင်းတမန်ခင်း ဖြစ်ပေါ်တိုးတက်မှုကလည်း အတိုင်းအတာတစ်ခုအထိ အရေးပါလာခဲ့ပါတယ်။

နှစ်နိုင်ငံ တွေ့ဆုံညှိနှိုင်းမယ့် ရလဒ်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ဖို့၊ နောက်ထပ် နျူကလီးယားထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်လက်နက်ဆိုင်ရာ နည်းဗျူဟာ စမ်းသပ်လုပ်ဆောင်မှုတွေကို အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့နိုင်ငံတွေနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ကြား ရန်လိုတင်းမာမှုတွေအပေါ် နိဂုံးချုပ်ဖို့ကို အဓိက ဦးစားပေး ဆွေးနွေးသွားရမှာပဲ ဖြစ်တယ်လို့ ၁၉၉၄ ခုနှစ် နျူကလီးယားပဋိပက္ခ အတွင်း မြောက်ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ခဲ့တဲ့ အမေရိကန် ညှိနှိုင်းဆွေးနွေးရေး အကြီးအကဲဖြစ် သူ ရောဘတ်ကလော့စီက ပြောခဲ့ပါ တယ်။

စစ်အေးခေတ်ထဲက အပေါက်အလမ်းမတည့်ခဲ့တဲ့ ဒီနှစ်နိုင်ငံဟာ ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ နောက်ဆုံးမှာ အနည်းဆုံးတော့ အပေါက်အလမ်းတည့်ပြီး အစေးကပ်တဲ့အခွင့်အရေးတွေ ရရှိလာခဲ့ကြလို့ နိုင်ငံအများက ဝမ်းသာပီတိနဲ့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါဟာ ကမ္ဘာ့သမိုင်း စာမျက်နှာရဲ့ ကံကြမ္မာအဆိုးအကောင်းကို ဝေဖန်ပိုင်းခြားမယ့် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့တယ်လို့လည်း လူအများက ပြောခဲ့ကြပါတယ်။

အံ့သြမင်သက်စေ

ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ဆောက်သွားနိုင် ခဲ့ပါတယ်။ လျှော့ချည်တစ်ခါ တင်းချည်တစ်လှည့်နဲ့ အစုန်အဆန် အဝေ့အဝိုက်တွေကြားမှာ အကောင်အထည် ပေါ်လာတဲ့ သမိုင်းတွင်မယ့် အမေရိကန် မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ဖို့ နည်းဗျူဟာကြွယ်တဲ့ သံတမန်ဆိုင်ရာ လုပ်ဆောင်မှုတွေဖြစ်လာလို့ တချို့နိုင်ငံခေါင်းဆောင်တွေကတောင် ချီးကျူးခဲ့ပါတယ်။

အနှစ်နှစ်အလလက ရည်မှန်းခဲ့တဲ့ ကိုရီးယားကျွန်းဆွယ် တည်ငြိမ် အေးချမ်းရေး ရည်မှန်းချက်ဟာ အခုတော့ အကောင်အထည်ပေါ်လာပြီ။ မကြုံစဖူး ထူးကဲလှတဲ့ သမိုင်းဝင်မယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတတို့ရဲ့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ အတိတ်ကို အတိတ်မှာပဲထားခဲ့ဖို့ ဆုံးဖြတ်ချက်ချမှတ် နိုင်ခဲ့တယ်လို့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောခဲ့တာကို သမိုင်းက သက်သေခံလျက်ရှိပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် လ အတော်ကြာ ကျီစယ်မှုတွေ၊ အပြန်အလှန် ခြိမ်းခြောက်မှုတွေ၊ စကားလုံးစစ်ထိုးမှုတွေ ဒီမတိုင်ခင်က လုပ်ခဲ့ပါတယ်။ အဲဒီလို ဓာတ်မတည့်တဲ့ တစ်ဖက်နဲ့တစ်ဖက်ဟာ အခုတော့ သမိုင်းတွင်မယ့် ပြောင်းလဲမှုကြီးကို လုပ်ဆောင်နိုင်ခဲ့ပြီဆိုကာ ကမ္ဘာကြီးကိုတောင် အံ့သြမင်သက်စေခဲ့တာ မှတ်မိနေပါသေးတယ်။

ဟိုလိုလို ဒီလိုလိုပြီးဆုံးခဲ့

ပြီးတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ဖေဖော်ဝါရီ ၂၇ရက်နဲ့ ၂၈ရက် တွေမှာ တွေ့ဆုံခဲ့ပါတယ်။ အခု တစ်ကြိမ် တွေ့ဆုံမှုဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို ဦးစားပေးဆွေးနွေးသွားခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား လွန်ခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာတော့ မြောက်ကိုရီးယားနိုင်ငံမှာ လုံးဝ နျူကလီးယားကင်းစင်ရေးအတွက် ကတိ ပြုခဲ့ကြပါတယ်။ အခု တစ်ကြိမ်ထပ်မံ တွေ့ဆုံမှုဟာ နှစ်နိုင်ငံကြား တကယ့်ကို တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင် ယ်လို့လည်း လေ့လာဆန်းစစ်သူတွေက ဆိုခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုကိုတော့ နိုင်ငံတကာ လေ့လာဆန်းစစ်သူတွေက စောင့်ကြည့်နေခဲ့ပြီး ဘာတွေထပ်မံ တိုးတက်ဖြစ်ပေါ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

သို့သော်လည်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ အများထင်သလို ဖြစ်မလာခဲ့ဘဲ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဟာ ပျက်ပြားခဲ့ရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့သလို အမေရိကန်ဘက်ကလည်း ကိုရီးယားကျွန်းဆွယ်လုံးဝ နျူကလီးယားကင်းစင်မှသာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲဟာ ဘာသဘောတူညီမှုမှ မရရှိဘဲ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးဆုံးခဲ့ပါတယ်။

ထပ်မံပေါ်ပေါက်လာဦးမှာလား

အကယ်၍သာ နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုအဆင်ပြေမယ်ဆိုပါက ကမ္ဘာကြီးမှာ ထင်မှတ်မထားတာတွေ ဖြစ်လာမယ်ဆိုတာ ဧကန်မုချဖြစ်ပါတယ်။ နှစ်နိုင်ငံ သမိုင်းဝင် ထိပ်သီးအစည်းအဝေး ပြုလုပ်နိုင်ခဲ့တဲ့ အကျိုးရလဒ်ကြောင့် နျူကလီးယား ဒုံးကျည်ထိပ်ဖူး ၂၄ ခုထက် မနည်းပိုင်ဆိုင်ခဲ့တဲ့ မြောက်ကိုရီးယားဟာ အမေရိကန်ကို ချိန်ရွယ်ပစ်လွှတ်နိုင်မယ့် တိုက်ချင်းပစ်နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တည်ဆောက်တာကို ပိတ်သိမ်းလိုက်မယ်လို့ကြားသိရပါတယ်။ နျူကလီး ယားစစ်ပွဲဖြစ်ပွားတာကို ရှောင်ရှားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကောင်းမွန်တဲ့ အလားအလာတွေ ရရှိမှာ မလွဲပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတောင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ဖို့ အခုလို အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တာကို ချီးကျူးကြောင်း ပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တာလေးတွေကို ဖတ်မှတ် လေ့လာခဲ့ရပါသေးတယ်။

အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုပါက အာဆီယံစတော့ဈေးကွက်ဟာလည်း ဆက်လက်မြင့်တက်ဖို့ အလားအလာ ကောင်းတွေရှိနေတာကို တွေ့ခဲ့ရပြီး ဒေါ်လာဈေးမှာ ဆက်လက်ခိုင်မာလျက် ရှိပါတယ်။ အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ဆယ်စုနှစ်ပေါင်းများစွာအကြာ ရှားရှားပါးပါး ပထမဆုံးအကြိမ် တွေ့ဆုံခဲ့နိုင်တာကြောင့် တောင်ကိုရီးယား စတော့ဈေးကွက်နဲ့ ဝမ်တန်ဖိုးလည်း ပိုမိုခိုင်မာလာမယ့်ဘက်ကို ဦးတည်လျက်ရှိသလို ချေးငွေလက်မှတ်နဲ့ စာချုပ်စာတမ်း ဈေးကွက်ဟာလည်း ပိုမိုတည်ငြိမ်လာမှာ ဖြစ်ပါတယ်။ ဒါတွေဟာကမ္ဘာကြီးအတွက် ကောင်းကျိုးတွေ ယူဆောင်လာတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း အရာရာတိုင်းဟာ ထင်တဲ့အတိုင်း၊ ပြောတဲ့အတိုင်း ဖြစ်လာမယ်လို့ လှေနံဓားထစ်ပြောလို့ မရပါဘူး။ နျူကလီးယားအိပ်မက်ကြီး မက်ခဲ့တဲ့ မြောက်ကိုရီးယားဟာ နျူကလီးယားကို စွန့်လွှတ်ဖို့ မလွယ်ကူသလို အမေရိကန်ကလည်း နျူကလီး ယားလုံးဝကင်းစင်ဖို့ အားထုတ် လုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားအရေးဟာ တတိယဆွေးနွေးပွဲ ထပ်မံပေါ်ပေါက်လာမှာလား၊ ဒီထက်ပိုပြီး တင်းမာလာမှာလားဆိုတာ ထပ်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ထပ်မံလေ့လာကြည့်မယ်ဆိုပါက အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ ကျိန်းသေထပ်မံညှိနှိုင်းမှု လိုအပ်ဦးမှာ ဖြစ်ပါတယ်။ ။

ကိုးကား - အေအက်ဖ်ပီ