နျူကလီးယားစွမ်းအင်၏ အသုံးဝင်မှုများနှင့် ၎င်း၏အန္တရာယ်

စန်းစန္ဒီဇော်

မကြာသေးမီအချိန်က စာရေးသူအနေဖြင့် ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပပြုလုပ်သည့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေ ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ယင်းအခမ်းအနားတွင် နျူကလီးယားစွမ်းအင်၏ အသုံးဝင်ပုံနှင့် ကောင်းမွန်သည့်ကဏ္ဍများတွင်လည်း နျူကလီးယားနည်းပညာကို အသုံးပြုကြပုံတို့ကို တာဝန်ရှိသူများက ဆွေးနွေးပြောကြားသွားခဲ့သည်။

တစ်ချိန်တည်း၌ပင် မြန်မာနိုင်ငံတွင် လူအများစုက နျူကလီးယားကို ဖောက်ခွဲရေးပစ္စည်းအဖြစ်သာ ရှုမြင်နေကြကြောင်းနှင့် ကျောင်းသားလူငယ်နှင့် ပြည်သူများကို နျူကလီးယားစွမ်းအင်နှင့် စပ်လျဉ်း၍ အသိပညာပေးမှုများ ပံ့ပိုးပေးရန် လိုအပ်နေသေးကြောင်းကို သိခဲ့ရသည်။ ဆွေးနွေးပွဲအခမ်းအနား၏ ရည်ရွယ်ချက်များနှင့်အညီ နျူကလီးယားစွမ်းအင်၏ အကျိုးရှိမှုကို အများပြည်သူများ သိရှိစေလို၍ လည်းကောင်း၊ နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ ကြောက်ရွံ့သောသဘောထား အမြင်များကို ဖြေလျှော့ပေးစေလို၍လည်းကောင်း နျူကလီးယားစွမ်းအင်၏ အသုံးဝင်မှုအချို့နှင့် မိမိသိရှိခဲ့ရသည့် သတင်းအချက်အလက်များကို ပြန်လည်မျှဝေ ရေးသားဖော်ပြလိုက်ပါသည်။ 

လိုအပ်သည့်ကုန်ကြမ်းမှာ ယူရေနီယံသတ္တု

နျူကလီးယားစွမ်းအင်သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊ သိပ္ပံသုတေသနလုပ်ငန်းများကို အထောက်အပံ့ပြုနိုင်ခြင်း၊ ရေငုပ်သင်္ဘောများနှင့် ရေခဲခွဲသင်္ဘောများတွင် စွမ်းအားမြင့်အင်ဂျင်များအဖြစ် အသုံးပြုနိုင်ခြင်း အစရှိသည့် အရပ်ဘက်ဆိုင်ရာ လုပ်ငန်းများနှင့် စစ်ဘက်ဆိုင်ရာ တာဝန်များကို များစွာအထောက်အပံ့ပြုနိုင်သည်။ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင် စီမံကိန်းများအတွက်ဖြစ်စေ၊ စစ်ဘက်သုံးနျူကလီးယားစီမံကိန်းများ အတွက်ဖြစ်စေ အဓိကလိုအပ်သည့်ကုန်ကြမ်းမှာ ယူရေနီယံသတ္တုပင်ဖြစ်သည်။ ယူရေနီယံသတ္တုကို အဆင့်နိမ့် သန့်စင်သည့်အခါ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်နိုင်သော နျူကလီးယားလောင်စာချောင်းများကို ရရှိသကဲ့သို့ ယူရေနီယံသတ္တုကို အဆင့် အမြင့်ဆုံးသန့်စင်သည့်အခါ အင်အားကြီးမားသော အဏုမြူစွမ်းအင်ကို ရရှိသည်။ 

နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုသည် သမားရိုးကျနည်းပညာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများစွာတို့ထက် လျှပ်စစ်ဓာတ်အားကို ပိုမိုများပြားစွာထုတ်လုပ်ပေး နိုင်သလို နျူကလီးယားဓာတ်အားပေးစက်ရုံ တစ်ခုအတွက် အသုံးပြုရမည့် လူအင်အား၊ စက်ရုံ တည်ဆောက်ရမည့်အချိန်ကာလနှင့် မြေနေရာ အကျယ်အဝန်းတို့မှာ အခြားသောသမားရိုးကျ လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ထက် များစွာ လျော့နည်းသက်သာသည်။ နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ကနဦး ကုန်ကျစရိတ်အားဖြင့် ကြီးမားသော်လည်း ရေရှည်အကျိုးဖြစ်ထွန်းမှုရှိသော လုပ်ငန်းဖြစ်သည်။ နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် အကျိုးများသော်လည်း အချို့ သောနိုင်ငံများ၌သာ နျူကလီးယားစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သေးသည်။ ကမ္ဘာပေါ်တွင် ထုတ်လွှတ်နေသော လျှပ်စစ်ပမာဏ ၏ ၁၀ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ရရှိသည်။ 

ယခုအခါ ကမ္ဘာ့နိုင်ငံများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်မည့် အစိမ်းရောင်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိရာ သစ်ပင်၊ သစ်တောဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သန့်ရှင်းသောစွမ်းအင် (Clean Energy) အသုံးပြုနိုင်ရေး စီမံကိန်းများကို အလေးထားဖော်ဆောင်နေကြသည်။ သန့်ရှင်းသော စွမ်းအင်ဆိုသည်မှာ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိသော သို့မဟုတ် ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိသလောက် နည်းပါးသောစွမ်းအင်ကို ဆိုလိုသည်။ 

စွမ်းအင်ပမာဏသည် ကျောက်မီးသွေး ၅၅၀ ကီလိုဂရမ်နှင့်တူညီ
နျူကလီးယားစွမ်းအင်သည် ကာဗွန်ထုတ်လုပ်မှု အနည်းဆုံးသော ဒုတိယ Clean Energy ဖြစ်သည် နှင့်အညီ ကာဗွန်ထုတ်လုပ်မှုပမာဏကို သိသိသာသာ ထိန်းချုပ်ပေးနိုင်သည်။ ၄ ဒသမ ၅ ဂရမ်ရှိသည့် နျူကလီးယားလောင်စာတောင့်တစ်လုံး တွင်ပါဝင်သော စွမ်းအင်ပမာဏသည် ကျောက်မီးသွေး ၅၅၀ ကီလိုဂရမ်နှင့်တူညီသည်။ နျူကလီးယား ဓာတ်အားပေးစခန်းများသည် ကျောက်မီးသွေး စက်ရုံများထက် ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု ပိုမိုနည်းပါးသည်။ ထို့ကြောင့် နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သော နည်းပညာသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသလောက် အကျိုးသက်ရောက်မှုနည်းပါးသော လုပ်ငန်းစဉ် တစ်ရပ်လည်းဖြစ်သည်။ 

နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းမှုမဖြစ်စေသော်လည်း နျူကလီး ယားစွမ်းအင်၏ အဓိကကုန်ကြမ်းဖြစ်သော ယူရေနီယံသတ္တုများကို တူးဖော်သည့်အချိန်နှင့် နျူကလီးယား မတော်တဆမှုဖြစ်ပွားသည့်အချိန်များတွင် ပေါ်ထွက်လာသော ရေဒီယိုသတ္တိကြွဓာတ် ရောင်ခြည်များသည် လူသားများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကြောင့် ဓာတ်ရောင်ခြည်သင့်ရောက်မှု မဖြစ်စေရန် စနစ်ကျသောအစီအမံများဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်ပေသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံ၌ နျူကလီးယားဓာတ်ပေါင်းဖိုပေါင်း ၄၁၀ လည်ပတ်နေ၍ နောက်ထပ်ဓာတ်ပေါင်းဖို ၅၈ ခုကို နိုင်ငံ ၁၈ နိုင်ငံတွင် တည်ဆောက်နေဆဲဖြစ်သည်၊၊ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို စတင် တည်ဆောက်ခဲ့သောနိုင်ငံမှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဖြစ်၍ ရုရှားနျူကလီးယားစက်ရုံများသည် နှစ်စဉ်ဖန်လုံအိမ်ဓာတ်ငွေ့တန်ချိန် ၁၀၉ ဒသမ ၅ သန်း ထုတ်လွှတ်မှုကို တားဆီးပေးနိုင်သည်။ ရုရှားနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံများမှ ထုတ်လွှတ်သော ညစ်ညမ်းမှုသည် ကုန်ထုတ် လုပ်မှုစက်ရုံများအားလုံးမှ ထုတ်လွှတ်သော ညစ်ညမ်းမှုများ စုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင် နှုန်းသာရှိသည်၊၊ ထို့အပြင် ရုရှားနိုင်ငံ၏ လျှပ်စစ် စွမ်းအား ၂၅ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ရရှိကြောင်းကို နျူကလီးယားဓာတ်ပေါင်းဖိုတွင် အလုပ်လုပ်ကိုင်ဖူးသော ရုရှားနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦး၏ ပြောကြားချက်အရ သိခဲ့ရသည်။ 

နျူကလီးယားနည်းပညာကို ကျန်းမာရေးကဏ္ဍ (CT Scan ဖြင့် ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်း၊ ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများအား ပိုးသတ်ခြင်း)၊ အစားအစာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ (အစားအစာများကို ရောင်ခြည်ပေး၍ တာရှည်ခံ အောင် ပြုလုပ်ခြင်း၊ အစားအသောက်များအတွင်း ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်မှုတိုင်းတာခြင်း၊ မြေဆီလွှာအားကောင်းစေခြင်း၊ ပိုးမွှားနှိမ်နင်းခြင်း၊ တိရစ္ဆာန်များ၏ ကျန်းမာရေး၊ အာဟာရ၊ မွေးမြူရေးနှင့် ကုသရေးတို့ကို အထောက်အပံ့ပြုခြင်း)၊ ဇလ ဗေဒကဏ္ဍ (ရေအရင်းအမြစ်ရှာဖွေခြင်း၊ ရေသက်တမ်းတွက်ချက်ခြင်း၊ ရေငန်မှ ရေချိုပြောင်းခြင်း)၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ (လေထု၊ ရေနှင့် မြေအရည်အသွေးတိုင်းတာခြင်း)၊ စက်မှုကဏ္ဍ (မူရင်းမပျက် စမ်းသပ်စစ်ဆေးခြင်း၊ ဒြပ်ပစ္စည်းများကို အရည်အသွေးမြှင့်တင်ခြင်း၊ ထုတ်ကုန် အရည်အသွေးမြှင့်တင်ထိန်းချုပ်ခြင်း)နှင့် ယဉ်ကျေးမှုကဏ္ဍ (သက်တမ်းတွက်ချက်ခြင်း၊ အနုပညာ လက်ရာများတွင် ပါဝင်ဖွဲ့စည်းထားသည့် အရာဝတ္ထုများနှင့် နည်းပညာများကို လေ့လာခြင်း၊ မပျက်မယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း) တို့တွင် အသုံးပြုသည်။ မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ မရှိသေးသော်လည်း နျူကလီး ယားနည်းပညာကို ဖော်ပြခဲ့သောနယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေပေသည်။

ငှက်ဖျားရောဂါဖြင့် နှစ်စဉ် လူပေါင်းငါးသိန်းခန့် သေဆုံး
ထို့ပြင် ငှက်ဖျားရောဂါဖြင့် နှစ်စဉ် လူပေါင်း ၅၀၀၀၀၀ (ငါးသိန်း) ခန့် သေဆုံးနေသည်ဖြစ်ရာ နျူကလီးယားနည်းပညာအသုံးပြု၍ ခြင်များကို မျိုးမပွားအောင် ထိန်းချုပ်နိုင်ကြောင်း၊ နျူကလီးယားနည်းပညာသည် ငှက်ဖျားရောဂါကို တိုက်ဖျက် ရာတွင်သာမက ဇီကာဗိုင်းရပ်စ်နှင့် သွေးလွန်တုပ်ကွေးရောဂါတို့ကို တိုက်ဖျက်ရာတွင်လည်း ကူညီပေးနိုင်ကြောင်းနှင့် ရှေးဟောင်းရုပ်တုများကို ဆေးရောင်ခြယ်ရာတွင်လည်း အထောက်အကူ ဖြစ်ကြောင်းတို့ကို သိရသည်။

အရာအားလုံးတွင် ကောင်းကျိုးနှင့် ဆိုးကျိုးမှာ ဒွန်တွဲနေသည်ဖြစ်ရာ နျူကလီးယားစွမ်းအင် အသုံးပြုမှုတွင် ကောင်းကျိုးများစွာရှိသကဲ့သို့ ဆိုးကျိုးများ လည်းရှိသည်။ နျူကလီးယားနည်းပညာ၏ ကနဦး အစဖြစ်သော ယူရေနီယံစတင်တူးဖော်သည့်အချိန် မှစ၍ နျူကလီးယားဓာတ်အားပေးစက်ရုံ လည်ပတ် နေသမျှကာလပတ်လုံး ဓာတ်ရောင်ခြည်သင့်နိုင်မည့်အရေးမှာ စိုးရိမ်ဖွယ်ဖြစ်သည်။ 

နျူကလီးယားစွန့်ပစ်ပစ္စည်းများကို ဖျက်ဆီးစွန့်ပစ်ရာတွင်လည်း ဓာတ်ရောင်ခြည်အန္တရာယ် မကျရောက်စေရန် စနစ်တကျစွန့်ပစ်ရမည် ဖြစ်သည်။ နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်ပွားပါက ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည် များက ပတ်ဝန်းကျင်သို့ ပျံ့နှံ့ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းဝန်းကျင်အနီးတစ်ဝိုက်ရှိ မြေဆီလွှာများ ပျက်သုဉ်းကာ ထွန်ယက်စိုက်ပျိုး၍မရသည့် အခြေအနေသို့ ရောက်ရှိသွားမည်။ ထို့အပြင် သဘာဝအလျောက် ပေါက်ရောက်နေသောသစ်ပင်၊ ပန်းမန်များကိုလည်း ထိခိုက်စေသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို မှီခိုရှင်သန်ကျက်စားနေကြသော တောရိုင်းတိရစ္ဆာန်များလည်း လျော့နည်းသွား စေမည်ဖြစ်သည်။ ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည် သင့်ရောက်မှုသည် လူ့ခန္ဓာကိုယ်ရှိ တစ်သျှူးများကို ပျက်စီးစေနိုင်သည်။ ဓာတ်ရောင်ခြည်သင့်ရောက်ခံရ မှုပမာဏနည်းပါးပါက စိုးရိမ်ဖွယ်မရှိသော်လည်း ဓာတ်ရောင်ခြည်သင့်ရောက်မှုပမာဏ အလွန် များပြားလာမည်ဆိုပါက ကင်ဆာရောဂါအမျိုးမျိုး၊ မျိုးဗီဇပြောင်းလဲခြင်းဖြစ်စဉ်များနှင့် မျိုးမအောင်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေသည်။ အမိဝမ်းတွင်းရှိ သန္ဓေသားဘဝ၌ ဓာတ်ရောင်ခြည်သင့်ခံရပါက ဓာတ်ရောင်ခြည်သင့် ရောက်မှုပမာဏအပေါ်မူတည်၍ သန္ဓေသား၏ ဖွံ့ဖြိုးမှုကို ထိခိုက်မှုများစွာဖြစ်စေနိုင်သည်။ 

မည်သို့ပင်ဖြစ်စေ ယနေ့ခေတ် ကမ္ဘာတွင် နျူကလီးယားသည် အလွန်ရေပန်းစားနေသောအရာဖြစ်ပြီး နိုင်ငံအများအပြားက နျူကလီးယားစွမ်းအင်မှ ရရှိသောအကျိုးအမြတ်ဖြင့် ၎င်းတို့နိုင်ငံ၏ တိုးတက်ရေးကို လုပ်ဆောင်နေကြသည်။ သို့သော် အချို့သောနိုင်ငံများက အဆင့်မြင့်သန့်စင်ထားသော ယူရေနီယံများကို အသုံးပြုပြီး အဖျက်စွမ်းအားကြီးမားသော စစ်ဘက်သုံးနျူကလီးယား စစ်လက်နက်ပစ္စည်းများ၊ အဏုမြူဗုံးများကို ထုတ်လုပ်ကြသည်။ စစ်ဘက်သုံး နျူကလီးယားလက်နက် ပစ္စည်းများကို အပြိုင်အဆိုင်ထုတ်လုပ်သုံးစွဲလာ မည်ဆိုပါက ကမ္ဘာ့တိုက်ကြီးများအားလုံးသည် စစ်မြေပြင်များအဖြစ်သို့ ရောက်ရှိသွားနိုင်မည့်အရေးမှာ စိုးရိမ်ဖွယ်ဖြစ်သည်။ 

နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်

ထို့ကြောင့် အရပ်ဘက်သုံး နျူကလီးယား စွမ်းအင်စီမံကိန်းများမှ စစ်ဘက်သုံးနျူကလီးယား စီမံကိန်းသို့ ပြောင်းလဲရောက်ရှိမသွားစေရန် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ကို ကမ္ဘာ့နိုင်ငံအများစုက လက်မှတ်ရေးထိုးခဲ့ကြသလို နျူကလီးယားလက်နက်များ အထိန်းအကွပ်မဲ့စွာ ထုတ်လုပ်လာမည့်အရေးကို ကာကွယ်တားဆီးရန် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းကာ နျူကလီးယားစီမံကိန်းများကို စစ်ဆေးပေးလျက်ရှိသည်။ 

ယနေ့မျက်မှောက်ကာလတွင် နျူကလီးယား နည်းပညာသည်လည်း ပြောင်းလဲတိုးတက်လာ သည်ဖြစ်ရာ နျူကလီးယားစွမ်းအင်ကို အဖျက် အမှောင့်လုပ်ငန်းများတွင် အသုံးမချဘဲ အရပ်ဘက် စီမံကိန်းများတွင် သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်ပွားအောင် နည်းစနစ်တကျ ဖြင့် မှန်မှန်ကန်ကန်အသုံးချနိုင်မည်ဆိုပါက များစွာ အကျိုးအမြတ်ရှိနိုင်မည်ဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ပါသည်။        ။

Reference:
- https://www.iaea.org/newscenter/news/what-is-nuclear-energy-the science-of-nuclear-power
- nuclear power, natural environment and the risk of radiation by science writer, Ko Ko Aung