နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဟောပြောပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့ ပူးပေါင်းကျင်းပသည့် နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာ ပထမထပ် စုဝေးခန်းမ (၂) တွင် ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) မှ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ဆေးတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့ပြီး ရုရုားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) မှ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev က နျူကလီးယား နည်းပညာအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြား ဆွေးနွေးသည်။

ယင်းနောက် ဟောပြောပွဲအခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း၏ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းပြောကြားသည်။

ထို့နောက် နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို အဆိုပါစင်တာ ပထမထပ်စုဝေးခန်းမ (၁) ၌ ဆက်လက်ကျင်းပရာ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev က သတင်းထောက်များ  သိရှိလိုသည့်မေးမြန်း ချက်များကို  ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်