နီဇော်သစ်

ဟာ့ဒ်ဝဲ၊  အယ်လ်ဂိုရစ်သမ်၊   အာကီတက်ချာ၊ နောက်ကွယ်မှ နိယာမ အစရှိသဖြင့် တော်လှန်ရေး အမျိုးမျိုးကိုဖြတ်သန်းပြီး ရင့်ကျက်လာပြီဖြစ်သော ဉာဏ်ရည်တုနည်းပညာသည်   ၂၀၁၄ ခုနှစ်တွင် လက်တွေ့ကမ္ဘာသို့ စတင်ချင်းနင်းဝင်ရောက်လာခဲ့သည်။ နည်းပညာတို့၏ စွမ်းဆောင်ရည်မြင့်တက် လာခြင်းအပြင်    စီးပွားရေးလုပ်ငန်းတို့ကလည်း အေအိုင်ကို ယုံယုံကြည်ကြည်ဖြင့်  ငွေကြေးပိုင်း၊ ဈေးကွက်ပိုင်း၊ ဆော့ဖ်ဝဲပိုင်း၊ စားသုံးသူဝန်ဆောင်မှု အပိုင်းတို့တွင် အသုံးချလာခြင်းကို ဆိုလိုပါသည်။

၂၀၂၄ ခုနှစ် မတ်တွင် ထွက်ပေါ်လာသော GTP-4o လို မိုဒယ်များသည်  စာသား၊ ပုံ၊ အသံတို့ကို တစုတစည်းတည်း နားလည်းလည်၊ ထုတ်လုပ်မှုလည်း လုပ်ပေးနိုင်လာကြသည်။ စာသားချည်းသက်သက် မဟုတ်တော့။ ဆိုလိုသည်မှာ ပုံတစ်ပုံကိုကြည့်ပြီး ပြန်ပြောနိုင်လာသည်။ အသံဖိုင်တစ်ခုကို နားထောင်ပြီး နားလည်နိုင်စွမ်းရှိလာသည်။ စကားပြောဖော် သက်သက်မဟုတ်တော့။ ဖန်တီးမှုတို့ကို လုပ်နိုင်လာပြီး  ဘက်စုံသုံးလက်ထောက်တစ်ယောက်လို ဖြစ်လာသည်။ နည်းပညာပိုင်းအရ ဤနေရာတွင် အထူးပြုအေအိုင်မိုဒယ်များနှင့် အထက်ကလို ဘက်စုံသုံး အာကီတက်ချာတို့မှာ  သိသိသာသာကွဲထွက်သွားပြီဖြစ်သည်။ ဉာဏ်ရည်တု၏ ဥဿုံညီ နားလည်နိုင်စွမ်းအတွက် ခြေလှမ်း တစ်ရပ်ဟုလည်း ဆိုကြသည်။

၂၀၁၄ ခုနှစ်တွင် အခြေခံအုတ်မြစ် စတည်ခဲ့သော ဘက်စုံသုံး မိုဒယ်တို့သည် ၂၀၂၅ ခုနှစ်မှာပင် လက်တွေ့ကမ္ဘာထဲသို့ ရောက်လာကြသည်။ အိုးပင်းအေအိုင်၏ ဂျီပီတီ-၅၊ ဂူးဂဲလ်၏ ဂျမနိုင်း၊ မိုက်ခရိုဆော့ဖ်၏ ကိုပိုင်းလော့တို့လို မိုဒယ်များသည်လူသားတို့၏ နေ့စဉ်ဘဝထဲသို့ပင် ဝင်ရောက်လာကြ သည်။ ဝင်လာနိုင်လောက်အောင်လည်း အမေးအဖြေများ၊ အပြောအဆိုများက သဘာဝကျလာ သည်။ ဗီဒီယိုတစ်ခုပြပြီး  ရှုပ်ထွေးသော မြင်ကွင်းတစ်ခုထဲမှ မေးခွန်းတစ်ခုကို ဖြေနိုင်လာခြင်းမျိုးဖြစ်သည်။ ပုံကိုကြည့်ပြီး  ပုံစာထိုးပေးပါဆိုသည့် မေးခွန်းမျိုးလောက်ကိုသာ လုပ်ပေးနိုင်ခြင်း မျိုးမဟုတ် တော့။ လူသားတစ်ယောက်ဆိုလျှင်တော့ ဆင်ခြင်တုံတရားတိုးတက်လာသည်ဟု ချီးကျူးခံရလိမ့်မည်။ သို့သော် အေအိုင်က တွေးတတ်လို့လားဆိုသည့် သံသယမစင်ကြယ်သေးသည့် ယခုလိုကာလတွင် ပြောရခက်သည်။

အစုံလုပ်အစုံပြောလာသည့် အေအိုင်တွင် လုပ်ငန်းရှင်များအတွက် အလွန်ကောင်းသွားသည့်တစ်ချက်မှာ အနုမာန မှန်းဆချက်များလုပ်နိုင်ဖို့ ကုန်ကျစရိတ် သိသိသာသာကျဆင်းသွားခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ  ကျဆင်းသွားသည်။   အမျိုးစုံလွန်းသော အချက်အလက်အရင်းအမြစ်များကို  တပေါင်းတစည်းတည်း ပုံဖော်လုပ်ဆောင်နိုင်လာ၍ဖြစ်သည်။ ယခင်က ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ဆိုလျှင် လူသားတစ်ယောက်သည် စာရွက်စာတမ်းများကို ကြည့်သည်။ အစီရင်ခံစာများကိုကြည့်သည်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှ ဒတ်ရှ်ဘုတ်များကို ကြည့်သည်။ ထိုအချက်အလက်များကို ပေါင်းစည်းသည်။ ရက်အတန်ကြာ သို့မဟုတ် သီတင်းပတ်အတန်ကြာသည်။ များသောအားဖြင့် ပြည့်စုံမှုမရှိ။ နောက်ဆုံးအချက်အလက်များမပါဝင်။  နှေးပြီး ဆုံးဖြတ်ချက်များမှာ အစိတ်အပိုင်းလိုက် ဖြစ်နေသည်။

ဉာဏ်ရည်တုက  ဆုံးဖြတ်ချက်ချမှတ်ရာတွင် စာရွက်စာတမ်းများ၊ ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ အာရုံခံကိရိယာများမှလာသည့် အချက်အလက်များကို တစ်ပြိုင်နက်ဖတ်သည်။ ထပ်ပြောပါမည်။ တစ်ပြိုင်နက်ဖတ်သည်။ ထိုအချက်များအားလုံးကို ပေါင်းပြီး သဘောပေါက်နားလည်မှုတစ်ခုကို အဖြေထုတ်သည်။ ဆုံးဖြတ်ချက်များက မြန်သည်။ အလုံးစုံကို လွှမ်းခြုံမိစေသည်။ အချက်အလက်တို့ကို လေ့လာဆန်းစစ်ရုံမျှမဟုတ်တော့ အခြေအနေတစ်ရပ်လုံးကို ခြုံငုံနားလည်အောင်လုပ်ခြင်းဖြစ်သည်။

ဥပမာ ပုလင်း ထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် ထုတ်လုပ်ရေးလမ်းကြောင်းတစ်လျှောက် ကင်မရာများဖြင့် မှတ်တမ်းတင်ထားသည်။ စက်များတွင် လည်း အပူအာရုံခံကိရိယာများ တပ်ဆင်ထားသည်။ ဉာဏ်ရည်တုက  ကင်မရာများအားလုံးကို တစ်ပြိုင်နက်ကြည့်ပြီး အာရုံခံကိရိယာများထံမှ အချက်အလက်များကိုလည်း တောက်လျှောက်စိစစ်နေသည်။  တစ်ချိန်တွင်  ပုလင်းတော်တော်များများ အက်ပြီးထွက်လာသည်ကို ဗီဒီယိုကင်မရာများမှ မြင်လိုက်ရသည်။ အပူအာရုံခံကိရိယာတစ်ခုကလည်း မြင့်မားသည့် အပူချိန်အချက်အလက်ကို ပေးလာသည်။  ဉာဏ်ရည်တုက   ထိုနေရာတွင် စက်အပူချိန်မြင့်တက်ပြီး ပုလင်းများကို အက်စေသည်ဟု ကောက်ချက်ချကာ စက်ကို ခဏနားခြင်း၊ အအေးခံခြင်းတို့ကို ဆက်တိုက်လုပ်သွားနိုင် သည်။

ယနေ့ခေတ်တွင် အေအိုင်လက်စွမ်းအပြနိုင်ဆုံး ကဏ္ဍအဖြစ် လက်ခံထားကြရသည့် ရောဂါရှာဖွေဆန်းစစ်ခြင်းကိုလည်း  ထိုအတိုင်းလုပ်ခြင်းဖြစ်သည်။ ဓာတ်မှန်၊ အမ်အာရ်အိုင်၊ စီတီစကင်န်၊ လူနာမှတ်တမ်း၊ ဆရာဝန်နှင့် လူနာတို့ပြောစကား၊ သွေးခုန်နှုန်းနှင့် သွေးပေါင်တို့လို အရေးကြီးသည့်  လက္ခဏာရပ်များ အစရှိသည့် ရောဂါရှာဖွေဖို့ လိုအပ်သည့်အရာအကုန်လုံးကို အေအိုင်က တစ်ပြိုင်နက်ကြည့်ပြီး  ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။ ရောဂါရှာဖွေမှုအတွက် အေအိုင်ကို အားကိုးရပြီဆိုလျှင် ဆရာဝန်များအနေဖြင့် ကုထုံးအတွက်သာ ခေါင်းစားစရာလိုတော့သောကြောင့် ကျန်းမာရေးကဏ္ဍအတွက် ကြီးမားသော မျှော်လင့်ချက်တစ်ခုလည်းဖြစ်သည်။

ငွေကြေးလောကတွင်လည်း အေအိုင်က လက်စွမ်းပြသည်။ ဘဏ်လုပ်ငန်းများသည် ငွေလွှဲမှုတစ်ခုတည်းမှာပင်လျှင် များပြားလှစွာသော အချက်ပြမှုများကို ကိုင်တွယ်ရသည်။ ငွေလွှဲသည့် ပမာဏ၊ နေရာ၊ အချိန်တို့မှာ အခြေခံအကျဆုံး။ ထို့နောက် ထိုငွေစာရင်း၏ သမိုင်းကြောင်း။  ဖုန်းဆက်ပြီး တောင်းဆိုမှုများ။ ငွေလွှဲရာတွင်သုံးသည့် ကိရိယာ။ လော့ဂ်အင်ဘယ်လိုဝင်ထားတာလဲ။   အေအိုင်က ထိုအချက်အလက်များအားလုံးကို တစ်ပြိုင်နက်စောင့်ကြည့်သည်။ ပုံမှန်မဟုတ်သော အချိန်ကာလ တစ်ခုအတွင်း လွှဲငွေပမာဏ များပြားလွန်းနေသည်။ နေရာကလည်း တခြားနိုင်ငံမှ ဖြစ်သည်။ ဖုန်းခေါ်ဆိုပြီး တောင်းဆိုသည့်အသံမှာလည်း အတက်အကျပုံမှန်မဟုတ်။ အမူအကျင့်အားဖြင့် ကြည့်လျှင်လည်း ဝင်နေကျ ကိရိယာ(ဖုန်း၊ ကွန်ပျူတာ အစရှိသည်) မဟုတ်။ ထိုအချက်များ အားလုံးပေါင်းပြီး အေအိုင်က ငွေကြေးလိမ်လည်မှုဟု ဆုံးဖြတ်လိုက်သည်။

ယခုလောက်ဆိုလျှင် ၂၀၂၄ ခုနှစ်နောက်ပိုင်း ဉာဏ်ရည်တုနည်းပညာ၏ တစ်ဆစ်ချိုးပြောင်းလဲမှုကို ရိပ်စားမိလောက်ပါပြီ။ အေအိုင်သည် အချက်အလက်များကို  လေ့လာဆန်းစစ်ပြီး လူသားတို့ ဆုံးဖြတ်ချက်ချနိုင်အောင် ပံ့ပိုးပေးသည့်  ကိရိယာသက်သက်မဟုတ်တော့။ ကိုယ်တိုင်ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိလာပြီဟု ဆိုနိုင်သည်။ အသိဉာဏ်ပညာဆိုသည့်အပိုင်းသို့ မရောက်သေးစေကာမူ အချို့သော ဆုံးဖြတ်ချက်များတွင် လူသားတို့၏ ဘက်လိုက်မိတတ်ခြင်းကို အေအိုင်က ကျော်လွှားနိုင်ခြင်းမျိုး တွေ့ရသည်။ ထိုအကြောင်းကြောင်းတို့ကြောင့် တိုင်းပြည်နိုင်ငံတို့ကလည်း  ဥပဒေပိုင်းမှ နေ၍ အေအိုင်ကို စောင့်ကြည့်ထိန်းချုပ်ဖို့ပင် လုပ်လာကြရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အသက်ဝင်ခဲ့သော ဥရောပအေအိုင်အက်ဥပဒေမှာ သမိုင်းမှတ်တိုင် တစ်ခုဟုပင်ဆိုနိုင်သည်။ မလုပ်၍လည်းမရ အေအိုင်သည် တိုင်းပြည်တစ်ပြည်၏ အချုပ်အခြာအာဏာကိုပင် ထိပါးနိုင်သည် ဆိုသည့် ‘အချုပ်အခြာအာဏာပိုင်  အေအိုင်’ဆိုသည့် အသုံးအနှုန်းကလည်း တွင်ကျယ်လာနေသည်။ ထို့ကြောင့် အေအိုင်ဖွံ့ဖြိုးတိုးတက်မှုများအကြောင်းကို ဤနေရာတွင် တစ်ခန်းရပ်ပါမည်။ နောက်ပိုင်းတွင် အဆိုပါအကျိုးဆက်များနှင့် လူသားတို့၏ ကြိုတင်ပြင်ဆင်မှုများ၊ ထိန်းချုပ်နိုင်ရန်  ကြိုးစားမှုများနှင့် အနာဂတ်မျှော်မှန်းချက်များကို နောက်ထပ်ခေါင်းစဉ်တစ်ခုဖြင့် ဆက်လက်ဆွေးနွေးသွားပါမည်။