နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ နောင်တရားမြို့၌ လေ့လာ

နောင်တရား          စက်တင်ဘာ       ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ၊ အာလူးအအေးခန်း စက်ရုံတို့သို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆိုက်ခေါင်နှင့် ပင်လောင်းတို့မှ ကျောင်းသား ကျောင်းသူများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက သွားရောက် လေ့လာခဲ့ကြသည်။

 

ထိုသို့ လေ့လာရာတွင် လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံမှ စက်ရုံးမှူးက စက်ရုံသမိုင်းကြောင်းနှင့် စက်ရုံလည်ပတ်ပုံအဆင့်ဆင့်၊ သစ်သီးအခြောက်ခံစက် လည်ပတ်ပုံ အဆင့်ဆင့်ကို လည်းကောင်း၊ စက်ရုံတည်ဆောက်ထားခြင်းကြောင့် ဒေသခံစိုက်ပျိုးရေး တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းလာမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြား သည်။

 

ထို့နောက် အာလူးအအေးခန်းစက်ရုံ၌ နောင်တရားအာလူးအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက အားလူး ရာဇဝင် သမိုင်း၊ မျိုးအာလူးသစ် စိုက်ပျိုးမှုအခြေအနေနှင့် အာလူးအအေးခန်း လည်ပတ်ပုံ အဆင့်ဆင့်နှင့် တောင်သူအကျိုးပြုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)