နယ်စပ်ဒေသတိုင်းရင်းသားလေ့လာရေးအဖွဲ့ဝင်များ နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်စတင်

နေပြည်တော် ၅ ဒီဇင်ဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလေ့လာရေး အဖွဲ့ဝင်များကို နှစ်စဉ်ဖိတ်ကြားခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ နေပြည်တော်နှင့်ပတ်ဝန်းကျင်သို့ လေ့လာရေး ခရီးစဉ်ရောက်ရှိလာကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းဒေသနှင့် နမ့်စန်မြို့နယ်တို့မှ ရှမ်း၊ ယင်းကျားနှင့် ယင်းနက်တိုင်းရင်းသား တိုင်းရင်းသူ ၂၅ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ ကဒူးနှင့် ကနန်းတိုင်းရင်းသား တိုင်းရင်းသူ ၂၅ ဦး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှ နာဂတိုင်းရင်းသား တိုင်းရင်းသူ ၂၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဇာဒက်ကြီးကျွန်းနှင့် သရက်ချောင်း မြို့နယ်တို့မှ ဆလုံနှင့် ထားဝယ်တိုင်းရင်းသား တိုင်းရင်းသူ ၂၅ ဦး စုစုပေါင်း ၁ဝဝ တို့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဦးစောဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသသည်။

 

ထိုမှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသနဦးစီးဌာန(ရေဆင်း)သို့ သွားရောက်၍ အဆင့်မြင့်နည်းပညာဖြင့် မြေလွှာမဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနေမှုများ၊ စက်မှုသီးနှံဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသနဌာနခွဲအကြောင်း သိကောင်းစရာများကို ကြည့်ရှုလေ့လာကြသည်။

 

မွန်းလွဲပိုင်းတွင် လွှတ်တော်သို့ သွားရောက်၍ ပြည်သူ့လွှတ်တော်ကျင်းပရာ ခန်းမဆောင်နှင့် အမျိုးသားလွှတ်တော်ကျင်းပရာ ခန်းမဆောင်များကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။ လေ့လာရေးအဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော်ရေပန်းဥယျာဉ်သို့ ဆက်လက်ကြည့်ရှုလေ့လာ အပန်းဖြေကြသည်။

 

အဆိုပါ နယ်စပ်ဒေသ တိုင်းရင်းသားအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြရာ ရွာတော်တည်းခိုရေးနှင့် စစ်ကြောရေးစခန်းတွင် စနစ်တကျ နေရာချထားပေးပြီး ယင်းနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က သွားရောက်တွေ့ဆုံ နှုတ်ဆက်၍ အိပ်ဆောင်များ၊ ထမင်းစားဆောင်များကို လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသား တိုင်းရင်းသူများအား ဖိတ်ကြားခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးရသည့် အဓိက ရည်ရွယ်ချက်များမှာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ ကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့နယ်စပ် ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်