နယ်စပ်ဒေသတွင် ကွမ်းသီးအရောင်းအဝယ် မရှိသောကြောင့် ပြည်တွင်းမှာ အကျဘက်သို့ ဦးတည်လာသည့်အတွက် ကွမ်းသီးစိုက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရဟုဆို

မြိတ် မေ ၂

 

နယ်စပ်ဒေသများတွင် ကွမ်းသီးအရောင်းအဝယ် မရှိသောကြောင့် ပြည်တွင်းဈေးကွက်အတွင်းမှာ ကွမ်းသီးစျေး အကျဘက်သို့ ဦးတည်လာသည့်အတွက် ကွမ်းစိုက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံဗျောကျေးရွာအုပ်စုမှ ဒေသခံ ကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်နေသည့် တောင်သူတစ်ဦးက ပြောသည်။

 

ယခင်နှစ်(၂၀၂၂ ခုနှစ်)က ကွမ်းသီးရာသီဖြစ်သော အောက်တိုဘာလစျေးကွက်အစ (အဖွင့်) တွင် ကွမ်းသီးအခြောက် (၁)ပိဿာလျှင် ငွေကျပ် (၄၀၀၀)မှ (၄၅၀၀)ကျပ်အထိ ပေါက်စျေးရှိခဲ့ပြီး ရာသီအပိတ်ဖြစ်သည့် ဧပြီ/မေလတို့တွင် ကွမ်းသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀၀)ကျပ်အထိ စျေးကောင်းရရှိခဲ့သော်လည်း ယခုနှစ် (၂၀၂၃ ခုနှစ်) မတ်လမှ ယနေ့အထိ ကွမ်းသီးအခြောက်စျေးနှုန်းမှာ (၁)ပိဿာလျှင် ငွေကျပ် (၃၇၀၀/ ၃၈၀၀) စျေးသာ ရရှိနေကြောင်း ကွမ်းသီးစိုက်တောင်သူများထံမှ သိရသည်။

 

"ယခင်နှစ်(၂၀၂၂ ခုနှစ်) မိုးရာသီအချိန်က ကွမ်းသီးအနု စျေးကွက်ကောင်းရရှိတဲ့အတွက် အနုရောင်းချရခြင်းကြောင့် ကွမ်းသီးစိုက်တောင်သူအချို့ အတန်အသင့်အဆင်ပြေခဲ့ပါတယ်။ မဟုတ်လို့ကတော့ ကွမ်းသီးအခြောက်စျေးကွက် ယခုစျေးထက်နည်းနိုင်ပါတယ်" ဟု တုံဗျောကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော ကွမ်းသီးခြောက်စျေးကွက်သည် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများကို အမှီပြုရောင်းချနေရသော ကုန်စည်များဖြစ်၍ နယ်စပ်သို့သွားလာရန် လက်ရှိကာလတွင် ခက်ခဲ့ခြင်း၊ လုံခြုံမှုအားနည်းခြင်းတို့အပြင် ဝယ်လိုအားမရှိခြင်းကြောင့် ယခုလို ကွမ်းသီးစျေးနှုန်းများ ကျရခြင်းဖြစ်ကြောင်း ကွမ်းသီးအရောင်းအဝယ် ပြုလုပ်နေသူများထံမှ သိရသည်။ 

 

ကွမ်းသီးခြောက်ရောင်းဝယ်သူ ကုန်သည်များထံမှ သိရှိသည်မှာ ယခုနှစ်ကွမ်းသီးကို နယ်စပ်တွင် အရောင်းအဝယ်မဖြစ်ပါက လာမည့်နှစ်၌ ကွမ်းသီးခြောက်ဝယ်သူ မရှိနိုင်တော့ကြောင်း၊ ကုန်သည်များလက်ထဲတွင် ပြီးခဲ့သည့်ရာသီက ဝယ်ယူထားသည့်ကုန်များ ယခုနှစ်ထိ ရောင်းမထွက်သေးပါက နောင်တစ်နှစ် ယခုလိုဖြစ်ရင် အရောင်းအဝယ် ရပ်တန့်နိုင်ကြောင်း သိရသည်။

 

“စျေးကျတော့ ကွမ်းသီးစိုက်တောင်သူများအနေနဲ့ သွင်းအားစုများဖြစ်တဲ့ မြေသြဇာစျေးကြီးခြင်း၊ အလုပ်သမားရှားပါးခြင်း၊ လုပ်ခစျေးမြင့်မားခြင်း၊ သယ်ယူတဲ့စရိတ်မြင့်မားခြင်း၊ ကွမ်းခြံတွင်းသို့ ရေတင်ရာမှာလည်း ဆီစျေးမြင့်မားခြင်းများအပြင် အစစအရာရာ တက်စျေးနဲ့ကြုံတွေ့နေရပါတယ်။ ခြံထွက်ကွမ်းသီးစျေးကလည်း လက်ရှိမှာ ကျနေတော့ တောင်သူအများစု အဖက်ဖက်က အရှုံးပေါ်နေပါတယ်” ဟု အင်္ဂမော်ကျေးရွာမှ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

 

ယခင်းနှစ်ကထက် ယခုနှစ်နွေရာသီကာလတွင် ရာသီဥတုပူးပြင်းခြောက်သွေ့၍ ကွမ်းခြံများ ရေတင်နိုင်ခြင်းလည်း မရှိတော့ကြောင်း၊ ဆီစျေးတက်သည်ကတစ်ကြောင်း၊ လုံခြုံရေးအနေအထားအရတစ်ကြောင်း ကျေးရွာအချို့ရှိ ဒေသခံတောင်သူများ မိမိတို့ပိုင်ခြံများသို့ သွားရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

 

ယခင်နှစ်က ရာသီအစနှင့် ရာသီအပိတ်တို့တွင် စျေးကောင်းများရရှိခဲ့သော်လည်း ယခုနှစ်ရာသီတွင် ကွမ်းစိုက်တောင်သူများ အရှုံးဖြင့်သာ ရင်ဆိုင်နေရကြောင်း ကွမ်းသီးစိုက်ခြံပိုင်ရှင်များထံမှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် သရက်ချောင်း၊ ရေဖြူ၊ ပလောက်၊ ပုလော၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့်မြို့နယ်များတွင် ကွမ်းသီးစိုက်ပျိုးသူ များပြားပြီး တနင်္သာရီ၊ မြိတ်၊ သရက်ချောင်းမြို့နယ်တို့၌ ကွမ်းသီးအထွက်နှုန်းကောင်းကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)