နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစုဝင်သားသမီးများ၊ ဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းမိသားစုဝင် သား သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ နှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏ အနာဂတ်တောက်ပနိုင်စေရန်အတွက် အသိပညာများ၊ အတတ်ပညာများကို စဉ်ဆက် မပြတ် လေ့လာဆည်းပူးကြိုးစားသွားကြရန်လိုအပ်ကြောင်း၊ “Knowledge is Power” ဆိုသည့် အတိုင်း အသိပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများရရှိစေရန် ကျောင်းသင်ခန်းစာများအပြင် သုတ၊ ရသအစုံ စာပေများကို ဖတ်ရှုလေ့လာပြီး ပညာနှင့် အတွေးအခေါ်ကောင်းများ ပေါင်းစပ်၍ နိုင်ငံ့ အကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံသားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ် နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့်  ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ သည့် ၅ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးအား ဂုဏ်ပြုဆုများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃ ကျောင်းကိုလည်းကောင်း၊ ရာနှုန်းပြည့် အောင် မြင်ခဲ့သည့် အထူးဆုရလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၂ ကျောင်းနှင့် အောင်ချက် ၈၀ ရာခိုင်နှုန်း အထက်အောင်မြင်ခဲ့သည့် အထူးဆုရကျောင်း ၂ ကျောင်းကိုလည်းကောင်း၊ ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် က လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ ၄ ဦးနှင့် ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦးတို့ကို လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပါမောက္ခချုပ်က ၂ ဘာသာဂုဏ်ထူးရှင် ၃ ဦးတို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ၅ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်ရှင်းပိုင်ဟိန်းက ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ဆုရကျောင်း သား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ပြည်ထောင်စုဝန်ကြီးက လူငယ်ဖွံ့ဖြိုးရေးသင်တန်းများမှ ကျောင်းအုပ်များနှင့် ဆုရ  ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ် နှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်း သား၊ သမီး ၁,၅၇၉ ဦးတို့အတွက် အတန်းလိုက်ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ် များကို လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သူ ၅ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် ၆၄ ဦးတို့အား ဂုဏ်ထူး ၁ ဘာသာလျင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၇၆ ရာခိုင်နှုန်းဖြင့် ပထမဆုရ ပင်းတယ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၆၈ ရာခိုင်နှုန်းဖြင့် ဒုတိယဆုရ လွိုင်ကော် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၅၉ ရာခိုင်နှုန်းဖြင့် တတိယဆုရ ပင်လောင်း လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၁၀၀ ရာခိုင်နှုန်းဖြင့် အထူးဆုရ ပလက်ဝနှင့် ကြာအင်းဆိပ်ကြီး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ အောင်ချက် ၈၉ ရာခိုင်နှုူန်းဖြင့် အထူး ဆုရပူတာအို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၈၈ ရာခိုင်နှုန်းဖြင့် အထူးဆုရ တီးတိန် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်