နေပြည်တော် ဒီဇင်ဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်းလင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေ ဧက ၂၀ အတွက် ရာသီမရွေးစိုက်ပျိုးရေလုံလောက်စွာရရှိလာမည်ဖြစ်ပြီး ယခင်က စပါးနှင့် ပြောင်းကို မိုးရာသီကာလတွင်သာစိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုအခါ ဆောင်းသီးနှံဖြစ်သည့် နေကြာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးနှင့်လိမ္မော်တို့ကိုပါ သီးထပ်သီးညှပ်အနေဖြင့် စိုက်ပျိုးလာနိုင်မည်ဖြစ်၍ ဒေသခံ များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေတိုးတက်ကာ လူမှုဘဝဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်လာမည် ဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ယခုကဲ့သို့ ရာသီမရွေးစိုက်ပျိုးနိုင်အောင် ရေရရှိရေး ဆောင်ရွက်ပေးခြင်း ကို ဒေသခံပြည်သူလူထုနှင့် တောင်သူများက များစွာဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး ရေရှည်တည်တံ့ အကျိုးရှိစေရေးအတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် ကျေးရွာတာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ်အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်