နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းကြီးကျောင်းများ၊ Church ကျောင်းများနှင့် ကိုဗစ်-၁၉ စင်တာများသို့ ထောက်ပံ့လှူဒါန်း

နေပြည်တော်   ဇန်နဝါရီ   ၂၆

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်   တနင်္သာရီတိုင်းဒေသကြီးရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက် ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့် အစားအစာများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်း၊ မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစံနှင့်ဝန်ထမ်းများက မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်ထားရှိသည့် Covid Center သို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ အင်အားဖြည့် အစားအစာများနှင့် ရေသန့်များ ထောက်ပံ့လှူဒါန်းခဲ့ရာ ဒုတိယဆေးရုံအုပ် ဒေါက်တာတင်အောင်ဝင်းနှင့် သူနာပြုဆရာမကြီး ဒေါ်ခင်ဌေးတို့က လက်ခံရယူခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ Church ကျောင်းများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့လည်း ဆက်လက် ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်