နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကမ္ဘာ့လူသားအဖွဲ့အစည်း Terra People Association (TPA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သန့်ရှင်းသော သောက်သုံးရေပေးဝေရေးစီမံကိန်း ဖွင့်လှစ်

နေပြည်တော် ၂၈ ဇွန်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အစိုးရမဟုတ်သောအဖွဲ့အစည်း Terra People Association (TPA) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်(၁) ခုနှင့်ကျေးရွာ (၅) ရွာသို့ သန့်ရှင်းသော သောက်သုံးရေ ပေးဝေရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြသိန်းတန်စာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဂျပန်နိုင်ငံသံရုံးနှင့် ကမ္ဘာ့လူသားအဖွဲ့အစည်း (TPA) တို့မှ ကိုယ်စားလှယ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားပထမပိုင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံသံရုံးနှင့်(TPA)တို့မှ ကိုယ်စားလှယ်များက ရေပေးဝေရေး အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့က သောက်သုံးရေပေးဝေရေး လုပ်ငန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ရေလှောင်ကန်များ၊ ရေတင်စက်များ၊ လျှပ်စစ်သွယ်တန်းထားခြင်း လုပ်ငန်းများနှင့် ဒေသခံပြည်သူများ ရေရရှိသုံးစွဲနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အခမ်းအနားဒုတိယပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးအောင်ခမ်းထီ၊ ပြည်နယ်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံ သံရုံးမှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြသည်။ ဆက်လက်၍ (TPA) အဖွဲ့အစည်းမှ ကိုယ်စားလှယ်က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။

ယနေ့ဖွင့်လှစ်ပေးခဲ့သည့် ရေပေးဝေရေးလုပ်ငန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာ အုပ်စု၊ဥဆောင်းရေထွက်မှ အုတ်စီရေယူမြောင်းပြုလုပ်၍ အနယ်ထိုင်ကန်၊ ရေစစ်ကန်များမှတစ်ဆင့်ဂါလံ (၈၆၀ဝ၀) ဆံ့ရေ လှောင်ကန် (၂) ကန်မှရေတင်စက်များဖြင့်ရပ်ကွက် (၁) ခု၊ ကျေးရွာ (၅) ရွာရှိဂါလံ (၇၆၀ဝ) ဆံ့ရေလှောင်ကန် (၉)ကန်သို့ သန့်ရှင်းသောသောက်သုံး ရေများဖြန့်ဝေပေးနိုင်ခဲ့သဖြင့် ပင်လောင်းမြို့နယ် ရင်းမှီရပ်ကွက်၊ စင်းတောင်းကျေးရွာ၊ ထီတလိကျေးရွာ၊ တင်းထက်ကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ တောင်လေးကျေးရွာများရှိ အိမ်ခြေ (၂၃၃၆) ခုမှဒေသခံပြည်သူ (၂၃၃၈၉) ဦးတို့အတွက် ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်း အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး လုပ်ငန်းများဖြစ်သည့် ဘုရားဖြူ-တီးခွဲ-ပေါ့အင်မြေ လမ်း (၁/၄) မိုင် ဆောင်ရွက်ပြီးစီးမှု၊ ထီရွေးထီရိုင်လမ်းပေါ်ရှိ(၅၀) ပေကွန်ကရစ် တံတား(၂)စင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထောက်ပံ့မှု ကျေးရွာလူထု၏ လုပ်အားပူးပေါင်း ပါဝင်မှုနှင့် ဆောင်ရွက်လျက်ရှိသော နောင်ပီကျေးရွာအုပ်စု၊ ထီးရီး-ထီးရီးပေါင်း-ပေါင်းပြုံးလမ်း (၃/ဝ) မိုင်ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်