နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒသုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ မေ ၈

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ရှင်းလင်းဆွေးနွေး ဟောပြောပွဲနှင့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည့် ၅ နှစ်တာ အစီအမံများရေးဆွဲနိုင်ရေးအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက အဖွင့်အမှာ စကားပြောကြားသည်။

အဆိုပါ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ  မူဝါဒသုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပြင်ပပညာရှင်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ကွန်ပျူတာနှင့် ဆိုက်ဘာ ကျွမ်းကျင်သူ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ သုံးသပ်ဆွေးနွေးပွဲကို မေ ၈ ရက်မှ မေ ၁၀ ရက် အထိ ဆိုက်ဘာကျွမ်းကျင်သူ ပညာရှင်များ၏ ဆွေးနွေးမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကွန်ပျူတာ၊ ဆိုက်ဘာကျွမ်းကျင်သူ အရာထမ်း၊ အမှုထမ်းများ၏ အပြန်အလှန်အတွေ့အကြုံဖလှယ် သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်