နယ်စပ်တင်းမာမှုများ လျှော့ချရန် အိန္ဒိယနှင့်တရုတ် သဘောတူညီ

မော်စကို   ၁၂  စက်တင်ဘာ

 

အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံအကြား အငြင်းပွားမှုများရှိနေသည့် ဟိမဝန္တာဒေသမှ တင်းမာမှုများ လျှော့ချနိုင်ရေး အတွက် ယင်းဒေသတွင်း အခြေပြုထားသည့် နှစ်ဖက်တပ်ဖွဲ့များ အလျင်အမြန်ဆုတ်ခွာရေးနှင့် သင့်တော်သည့် အကွာအဝေးအတွင်း၌ ထိန်းသိမ်းထားရှိရန် အိန္ဒိယနှင့်တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ သဘောတူညီခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

 

တရုတ်နိုင်ငံခြားရေးဝန်းကြီး ဝမ်ယိနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဗရာမန်နီယမ်ဂျစ်ရှန်ကာတို့သည် ယမန်နေ့တွင် ရုရှားနိုင်ငံ မြို့တော်မော်စကို၌ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ယင်းသို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

 

အိန္ဒိယနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် နယ်စပ်ပြဿနာ နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို အထူးကိုယ်စားလှယ် ဆိုင်ရာယန္တရားမှတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း ဖော်ပြသည်။

 

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် စက်တင်ဘာ ၄ ရက်တွင် နယ်စပ်ပြဿနာကို အဖြေရှာကြရန် သဘောတူညီခဲ့ကြသည်။

 

အိန္ဒိယတပ်ဖွဲ့များက ယခုသီတင်းပတ်အစောပိုင်းတွင် နယ်စပ်ဒေသ၌ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ အိန္ဒိယတပ်ဖွဲ့များ၏ ပစ်ခတ်မှုသည် ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြောကြားချက်ကို အိန္ဒိယနိုင်ငံက တုံ့ပြန်ပြောကြားရာ၌ တရုတ်တပ်ဖွဲ့များက အိန္ဒိယပိုင်နက်အတွင်းသို့ ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ခြင်းကြောင့် တုံ့ပြန်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-ဇော်ဝင်း