ဉဇဘက်ကစ္စတန်နိုင်ငံကို ဂျပန် ချေးငွေ ထောက်ပံ့ကူညီ

၂၀ ဒီဇင်ဘာ

 

အာရှအလယ်ပိုင်းနိုင်ငံ၏ စွမ်းအင်နှင့်စိုက်ပျိုးရေးကဏ္ဍများ ကို အကူအညီပေးရန် ဉဇဘက်ကစ္စတန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ခန့် တန်ဖိုးရှိ ဂျပန်ယန်းချေးငွေများ ပေးအပ်မည်ဟု ဂျပန်နိုင်ငံက ကတိပြုခဲ့သည်။

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဉဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev တို့သည် တိုကျိုမြို့တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးတွဲကြေညာချက်ပါ သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

 

နှစ်နိုင်ငံ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့ကြပြီး ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုကို ခိုင်မာစေလိုသည်ဟု အာဘေးက ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 

အမျိုးမျိုးသော ပညာရပ်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မျှော်လင့်ကြောင်း Mirziyoyev က ပြန်လည်ပြောကြားခဲ့သည်။

 

သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ဂျပန်ယန်းချေးငွေများထောက်ပံ့မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

 

ဒေါ်လာ သန်း ၃၀၀ ခန့်ကို လျှပ်စစ်ဓါတ်အားပေးစက်ရုံများ ပြင်ဆင်ရန် ထောက်ပံ့ပေးမည် ဖြစ်ပြီး ဒေါ်လာ သန်း ၂၀၀ ခန့်ကို လယ်ယာသုံးပစ္စည်းများဝယ်ယူရန် လယ်သမားများကို ပေးအပ်မည် ဖြစ်သည်။

 

ယင်းဆွေးနွေးပွဲပြီးနောက် အာဘေးက နှစ်နိုင်ငံအကြားရှိ နယ်ပယ်အားလုံးတွင် ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် လမ်းညွှန်မှုတစ်ခုအနေဖြင့် ပူးတွဲကြေညာချက်ကို အသုံးပြုလိုကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို