နယ်လိုင်စင်နဲ့စီးမလား ရန်ကုန်လိုင်စင်ရဖို့ စောင့်ကြမလား

ရန်ကုန် ၁၂ ဒီဇင်ဘာ

 

 

ယခု သီတင်းပတ်အတွင်း ရန်ကုန်လိုင်စင်ချထားပေးမည်ဟူသည့် သတင်းစကားများကြောင့် ကားဈေးကွက်အရောင်းအဝယ် ပြန်လည်ငြိမ်သက်သွားသည်ကို မြင်တွေ့ရသည်။ ကားလောက၏ထုံးစံအတိုင်း ပုံမှန်အရောင်းအဝယ်ဖြစ်သည်နှင့်တစ်ပြိုင်နက် မူဝါဒအပြောင်းအလဲ၊ တားမြစ်ကန့်သတ်ချက် တစ်စုံတစ်ခု စသည်ဖြင့် ကောလာဟလများနှင့် အမှန်တကယ်ထွက်ရှိလာမှုများ ရှိတတ်သည်မို့ မထူးဆန်းကြတော့ဟု ကားလောကသားများထံမှ သိရသည်။ ယခုရက်ပိုင်း အတွင်းYVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ချထားပေးတော့မည့် အသံများသည် သီတင်းသုံးပတ်နီးပါး ဆက်တိုက် အရောင်းအဝယ် အားကောင်းလာခဲ့သည့် ရန်ကုန်ကားဈေးကွက်ကို အနည်းငယ်ရိုက်ခတ်မှု ဖြစ်သွားသည်ကိုတော့ မြင်တွေ့ရသည်။

 

''အများစုက ကားသစ်ကို ဈေးသက်သက် သာသာနဲ့ စီးချင်ကြတယ်။ ရန်ကုန်လိုင်စင်က ပြည်ပကနေ တင်သွင်းတဲ့ကားသစ်တွေကို စလစ် ကပ်ပြီး ကုန်ကျစရိတ်နဲ့ယှဉ်ရင် အများကြီး သက်သာသွားနိုင်မယ့် စနစ်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုကောက်ခံမှုဖြစ်မလဲဆိုတာကတော့ မသိ နိုင်သေးလို့ သက်သာမလား၊ အားလုံးကို တကယ် လွှမ်းခြုံနိုင်မလား၊ မျှတပါ့မလားဆိုတာတွေက စောင့်ကြည့်နေရတုန်းပဲ'' ဟု ကားအရောင်း အဝယ်လုပ်ကိုင်သူ ကိုကျော်ဇေယျာဝင်းက ပြောသည်။

 

စလစ်ကပ်ကုန်ကျစရိတ် သက်သာကားသစ်များ အပေါ်တွင် တစ်ပြေးညီ သတ်မှတ်နှုန်းထားတစ်ခုဖြင့် ရန်ကုန်လိုင်စင်ကို သတ်မှတ်မည်ဆိုပါက တန်ဖိုးမြင့်ကားသစ်များ အတွက် စလစ်ကပ်ကုန်ကျစရိတ် များစွာသက်သာ သွားနိုင်သော်လည်း တန်ဖိုးနည်းကားသစ်များ အတွက်မူ အခက်အခဲဖြစ်နိုင်ကြောင်း ဝေဖန်သူ များကလည်း ထောက်ပြကြသည်။ 

နယ်ဝယ်လက် စိတ်ကြိုက်ကားများမှာ ပုံမှန် အရောင်းအဝယ်ဖြစ်နေပြီး အချို့သော နယ်သမား များကလည်း နယ်လိုင်စင်ထက် ရန်ကုန်လိုင်စင်ကို စောင့်ကြည့်လိုကြသည်ဟု ကားဝယ်ရောင်းများ ထံမှ သိရှိရသည်။ ''တစ်ပတ်ရစ်ကားဝယ်မယ့် သူကလည်း ရန်ကုန်လိုင်စင် ဘယ်လိုလာမလဲ ဆိုတာ စိတ်ဝင်စားကြတယ်။ အမှန်က အချို့ဆို ရန်ကုန်လိုင်စင် ချထားပေးမယ့် အသစ်ကိုလည်း ဝယ်စီးမှာမဟုတ်ဘူး။ ဈေးကွက်ကလည်း တခြားစီ ပါ။ ဒါပေမယ့် သူတို့ကလည်း တစ်ပတ်ရစ်ကား ဈေးကွက်နဲ့ ရန်ကုန်လိုင်စင်နဲ့ ကားသစ်ဈေးကွက် ကို တွဲပြီးမြင်နေတာကြောင့် အရောင်းအဝယ် ဖြစ်ဖို့ တော်တော်လေး ပြောဆိုရှင်းပြနေရတယ်''ဟု ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြော သည်။

နယ်လိုင်စင်ကို ပိုရွေးချယ် ရန်ကုန်လိုင်စင်ကို တစ်ပြေးညီ ပေးဆောင် ကာ လျှောက်ထားခွင့်ပြုနိုင်သကဲ့သို့ အင်ဂျင် ပါဝါနှင့် ခုနှစ်ကိုလိုက်၍လည်း ဈေးနှုန်းများ ပြောင်းလဲသွားမည်ဟု ခန့်မှန်းကြသူများလည်း ရှိသည်။ စတိကားများနှင့် နယ်လိုင်စင်သာ ရယူထားသည့် ကားပိုင်ရှင်အချို့ကလည်း ရန်ကုန် လိုင်စင် ရရှိတော့မည်ဆိုသည့် သတင်းအပေါ် စိတ်ဝင်စားမှု မြင့်တက်နေကြသည်။ အချို့ ကားပိုင်ရှင်အများစုမှာတော့ ရန်ကုန်လိုင်စင်ထက် သေချာသည့် နယ်လိုင်စင်ကိုသာ ပို၍ရွေးချယ် ကြမည်ဟု ရည်ရွယ်ထားကြပြီး စောင့်ကြည့်မှု မြင့်တက်ရခြင်းဖြစ်သည်။

တစ်ပတ်ရစ်ကားဝယ်သင့် ရန်ကုန်လိုင်စင်ဂယက်ကြောင့် တစ်ပတ်ရစ် ဈေးကွက်အတွင်းတွင်လည်း အရောင်းအဝယ် အနည်းငယ်ကျဆင်းသွားသော်လည်း ဈေးနှုန်း များမှာ ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်လာသည်ဟု ကားဝယ်ရောင်း များထံမှ သိရှိရသည်။ ''ပြီးခဲ့တဲ့ အပတ်ကထက် အရောင်းအဝယ် အနည်းငယ်အေးသွားတာတော့ မှန်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုကို မြင်ရတယ်။ ရန်ကုန်လိုင်စင်နဲ့ ဘာမှမဆိုင်ပါဘူး။ ဂျပန်ညာမောင်းတွေက ဝယ်သူ စိတ်ကြိုက် နည်းနည်းရှားလာတာကို သတိထား မိတယ်။ အဲဒါကြောင့် ကားဈေးတွေက ငြိမ်ပြီး ပြန်လှုပ်ခတ်လာချိန်မှာ များများမြင့်သွားနိုင်တယ်။ မတက်သာတဲ့အဆုံး လူတွေက တစ်ပတ်ရစ်တွေ ဘက်ကို ပြန်ပြီးခြေဦးလှည့်ချိန်မှာ ဈေးကမြင့် လာမှာ။ ဒါကြောင့် ဒီအချိန်က တစ်ပတ်ရစ်ကား ဝယ်မယ်ဆိုရင် ဝယ်ထားသင့်တယ်လို့ ကျွန်တော် ကတော့ ယူဆတယ်''ဟု ကိုကျော်ဇေယျာဝင်းက ပြောသည်။

 

ရန်ကုန်လိုင်စင် ချထားပေးတော့မည်ဟု သတင်းစကားများ ကျယ်ပြန့်နေသော်လည်း ယာဉ်အို ယာဉ်ဟောင်းအပ်နှံမှု သက်တမ်း နှစ် ၂ဝ စလစ်ဈေးနှုန်းများမှာ ထူးခြားစွာဖြင့် အမြင့်ဈေး တွင်သာ ငြိမ်သက်နေဆဲဖြစ်ကြောင်း ကား ဝယ်ရောင်းအချို့က ထောက်ပြကြပြီး လက်ရှိတွင် ငွေကျပ် ၁၃၂ သိန်းဖြင့် အရောင်းအဝယ် ဖြစ်ထားကြောင်း သိရသည်။

 

 

မင်းသော်