နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူကိုကာကွယ်စောင့်ရှောက်

 

 

လတ်တလောဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်များနှင့် ဆက်စပ်လျက်ရှိသည့်အခြေအနေများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားခဲ့ပြီး တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကို တပ်မတော်သည် ထိရောက်စွာချေမှုန်းရှင်းလင်းခဲ့ပြီးဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း ပြန်လည်ခေါင်းထောင်လာသော ပြည်တွင်းသောင်းကျန်းမှုများကို ဆက်လက်ချေမှုန်းလျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော်လည်း နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် အစဉ်အမြဲ စွန့်လွှတ်စွန့်စား ကျေပွန်စွာထမ်းရွက်လျက်ရှိသည်။

 

တည်ငြိမ်အေးချမ်းပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို အဓိကအားထား ဆောင်ရွက်နေသည့် မူဆယ်၊ ချင်းရွှေဟော်ဒေသနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တို့ကို MNDAA အဖွဲ့သည် ၎င်းတို့၏ ဩဇာအာဏာ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ၂၀၂၂ ခုနှစ်မှစတင်၍ ကြိုတင်ပြင်ဆင်ခဲ့ပြီး ယခုအောက်တိုဘာလ ၂၇ ရက်နေ့တွင် ချင်းရွှေဟော်ကို အဓိကထား၍ တိုက်ခိုက်ခဲ့သည်။ တစ်ပြိုင်တည်းတွင် TNLA အဖွဲ့ကလည်း သိန္နီကို ဆက်သွယ်ရေးလမ်း ဖြတ်တောက်နိုင်အောင် တိုက်ခိုက်ခဲ့သည်။ မန္တလေး-လာရှိုး ဆက်သွယ်ရေးလမ်းကို ပြတ်တောက် အောင်  ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ အလားတူ KIA ကလည်း ကချင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စခန်းငယ်တစ်ခုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်။

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်များ ဖြစ်ပွားနေချိန်တွင် ပွဲလန့်တုန်းဖျာခင်းသည့်သဘောဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့နေရာများတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့်အတူ AA နှင့် KIA တို့လည်း ပါဝင်တိုက်ခိုက်လာသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆူပူအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေချိန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်နေချိန်တွင် လစ်ဟာနေသောကွက်လပ်များကို  အလစ်အငိုက်ယူပြီး MNDAA နှင့်အပေါင်းပါ အကြမ်းဖက် သောင်းကျန်းသူများက ပြည်ထောင်စု၏ နယ်မြေဒေသအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ တပ်မတော်က ပြန်လည်တုံ့ပြန် ဆောင်ရွက်နေပြီဖြစ်သည်။

 

မြန်မာနိုင်ငံ၏  သမိုင်းကြောင်းတွင်  လက်နက်ကိုင်သောင်းကျန်းသူများ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များကို တိုင်းရင်းသား ပြည်သူများအနေဖြင့် သိရှိနားလည်ထားကြပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် နယ်မြေစိုးမိုးရေး၊ အာဏာထူထောင်နိုင်ရေး အတွက် အခြေအနေပေးလျှင်ပေးသလို အလစ်အငိုက်တိုက်ခိုက်မှုများ ပြုလုပ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။  တစ်ဖက်တွင် ၎င်းတို့ရပ်တည်နိုင်ရေးအတွက် လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲ၊ လူသစ်စုဆောင်းကြပြီး နယ်စပ် ဒေသများတွင် မူးယစ်ဆေးဝါးနှင့် လက်နက်ထုတ်လုပ်  ရောင်းဝယ်ဖောက်ကားကြသည့်အပြင် လောင်းကစားမှုများနှင့် ဒုစရိုက်မှုအမျိုးမျိုးတို့ကို ပြုလုပ်ကြသည်။ အဆိုပါ မကောင်းမှုနှင့် ဒုစရိုက်မှုများကို တိုင်းရင်းသားပြည်သူများက ကြုံတွေ့ခံစား သိရှိနေကြပြီး လက်မခံဆန့်ကျင် ကန့်ကွက်နေကြသည်။  တရားသောစစ်ကို  ဆင်နွှဲနေသည့် တပ်မတော်သားများကို ပြည်သူများက အားပေးထောက်ခံကူညီနေကြသည်။

 

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ  ပြည်တွင်းသောင်းကျန်းမှု အမျိုးမျိုးကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့သည်။ သောင်းကျန်းသူပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးမှ ရရှိသည့်ဝင်ငွေဖြင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် အာဏာတည်ဆောက်ရေးကို ကြိုးစားနေသောကြောင့် မူးယစ်ဆေးဝါး အမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက်  ဆောင်ရွက်လျက်ရှိသည်။ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယခုထက် စွမ်းရည်တိုးတက်မြင့်မား လာအောင် ဆောင်ရွက်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ စိတ်နှလုံးမချမ်းမြေ့မှုကို ဖြစ်စေသည့် ပြည်ထောင်စု၏ နယ်မြေဒေသများ ထိပါးနှောင့်ယှက်မှုများကို တပ်မတော်သည် ထိရောက်စွာတုံ့ပြန်နှိမ်နင်းလျက်ရှိသည်။  နိုင်ငံတော်၏  အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်စေရေးအတွက် တပ်မတော်သည် ပြည်သူလူထုနှင့်ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်နေသည့် တရားသော တုံ့ပြန်ဆောင်ရွက်မှုများသည် မလွဲမသွေ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ