နယ်မြေတည်ငြိမ်အေးချမ်းရေး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်

 

 

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်သောင်းကျန်းမှုများသည် လွတ်လပ်ရေးနှင့်အတူ စတင်ဖြစ်ပေါ်ခဲ့သော သမိုင်းဆိုးမွေဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်တွင် တပ်မတော်က ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများကို စစ်ဆင်ရေးပေါင်း မြောက်မြားစွာဖြင့် ထိရောက်စွာချေမှုန်းနိုင်ခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ အထိနာပြီးနောက် ဝေးလံသော နယ်စွန်နယ်ဖျားဒေသများ၌သာ ရပ်တည်နိုင်ခဲ့သည်။

 

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရကို အကူအညီပေးရန် ကမ်းလှမ်းလာခဲ့သည်။ နိုင်ငံတော်အစိုးရကလည်း နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးစုများ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေး၊ မူးယစ်ဆေးဝါး ပပျောက်စေရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးရရှိစေရန် ရည်ရွယ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန်အတွက် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်းကို လက်ခံ ခဲ့သည်။ အပစ်အခတ်ရပ်စဲခဲ့ကြသည်။

 

သို့သော် နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့သည် ငြိမ်းချမ်းရေးကို အကြောင်းပြ၍ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင် ရောင်းချခြင်းများပြုလုပ်၍ လက်နက်ခဲယမ်းစက်ရုံများ တည်ဆောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများဆောင်ရွက်ပြီး အင်အားကြီးမားလာအောင် ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေကို အကြောင်းပြု၍ အစွန်းရောက်လူငယ်များကို စစ်ရေးလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ တပ်ဖွဲ့များ ဖွဲ့စည်း ပေးခြင်းနှင့် ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

ပြီးခဲ့သည့်လအတွင်းက  ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ဒေသအချို့တွင် MNDAA ၊ TNLA ၊ AA လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် KIA လက်နက်ကိုင် အဖွဲ့က လည်း AA ၊ PDF တို့နှင့် နယ်မြေဒေသအချို့ကို တိုက်ခိုက်လာကြသကဲ့သို့  KNPP/KNDF နှင့် KNU လက်နက်ကိုင် အဖွဲ့အချို့ကလည်း PDF အမည်ခံ အကြမ်းဖက်သမားများနှင့် နယ်မြေဒေသအချို့ကို တိုက်ခိုက်လာကြသည်။ အဆိုပါ လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များသည် သာလွန်အင်အားစုစည်းခြင်းနှင့် နည်းပညာသာလွန်မှု ကိုအသုံးချ၍ စစ်သုံးအဆင့် ဒရုန်းဗုံးများဖြင့် တိုက်ခိုက်လာကြသည်ကို တွေ့ရသည်။

 

ယခုဖြစ်စဉ်ကို ကြည့်မည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးကို အကြောင်းပြ၍ နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ  အပြိုင်အဆိုင်ထုတ်လုပ်ခြင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို  အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်း၊ ပါဝင်တိုက်ခိုက်စေခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အဖျက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်း အဝေး (၆/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  “မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန်ရှိသည့်အတွက် သောင်းကျန်းသူချေမှုန်းရေးကို ဖိဖိစီးစီး ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ မထိခိုက်ရေးတို့အတွက်ကိုလည်း တပ်မတော်သားများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စွမ်းစွမ်းတမံဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းဖြစ်သည်ဟူသော နိုင်ငံတော်အစိုးရ၏ ထားရှိသည့် စေတနာကိုဖျက်ဆီး၍ ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်သည့်လုပ်ရပ်များကို လုပ်ကိုင်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့် ဒေသများဖြစ်သည်။ ယခုဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် အဆိုပါပြည်နယ်များရှိ ပညာရေးမှာ ရပ်တန့်သွားခဲ့ရသည်။  ပညာရေးတွင်သာမက  ဖွံ့ဖြိုးရေးတွင်ပါ နောက်ကျသွားခဲ့ရသည်။ ဒီမိုကရေစီစနစ်တွင် ပညာတတ်များ ပေါများရန်အချက်ကိုဖျက်ဆီးခဲ့ကြသည်။ တိုင်းရင်းသားပြည်သူများ၏ မိမိဒေသတွင် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းရှာဖွေမှုများကို ဖျက်ဆီးခဲ့ကြသည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာရေးကို နှောင့်ယှက်ခဲ့ကြသည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိအောင် အလေးထား လုပ်ဆောင်သွားမည်ဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ပြည်သူများနှင့် တစ်သားတည်း လက်တွဲကာ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရန်အတွက်  နယ်မြေဒေသ တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ