နယူးဇီလန် မီးတောင်ပေါက်ကွဲမှု ရှုပ်ထွေးသည့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်

ဝယ်လင်တန် ၁၁  ဒီဇင်ဘာ


နယူးဇီလန်နိုင်ငံ ကျွန်းဖြူကျွန်းတွင် ဒီဇင်ဘာ ၉ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့်လူရှစ်ဦးကို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြပြီး နောက်ထပ်ပေါက်ကွဲမှုများ ရှိလာနိုင်၍ ရှာဖွေရေး လုပ်ငန်းများတွင် အဟန့်အတားများ ရှိနေသည်။


ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မီးတောင်ပေါက်ကွဲသည့်အချိန်တွင် ကျွန်းဖြူကျွန်းသို့ သွားရောက်နေသည့် ခရီးသွား ၄၇ ဦး ရှိသည်ဟု ပြောခဲ့သည်။ လူငါးဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး ၃၁ ဦးမှာ ဆေးရုံတွင်ကုသမှု ခံယူလျက်ရှိသည်။ ရှစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်သည်။


ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မီးတောင်မှာ နှစ်ခါတိတိ ပေါက်ကွဲခဲ့ကြောင်း နယူးဇီလန်အာဏာပိုင်များက ပြောသည်။ မီးတောင်၀နှင့်အနီးတွင် ရောက်ရှိနေသည့် လူများကို ကယ်တင်ရန် မဖြစ်နိုင်ဟု အရာရှိများက ပြောသည်။ ပျောက်ဆုံး၊ ဒဏ်ရာရရှိနေကြသည့်လူများထဲတွင် ဩစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ မလေးရှားနှင့် ဂျာမနီနိုင်ငံတို့မှ ခရီးသွားများ ပါဝင်ကြောင်း သေဆုံးသူငါးဦးထဲမှ သုံးဦးမှာ ဩစတြေးလျနိုင်ငံသားများဖြစ်ကြောင်း သိရသည်။


မီးတောင်မှာ အချိန်မရွေး နောက်တစ်ကြိမ်ပေါက်ကွဲနိုင်သည့်အတွက် ကယ်ဆယ်ရေးလုပ်သားများသည် ဝေဟင်မှသာ ကျွန်းကို စောင့်ကြည့်နိုင်ကြောင်း အစိုးရအရာရှိများက ပြောသည်။


အင်န်အိတ်ခ်ျကေ