နယူးဇီလန်နိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်အမျိုးအစားသစ် BA.5 ကူးစက်ခံရသူတစ်ဦး ပထမဆုံးအကြိမ် တွေ့ရှိ

ဝယ်လင်တန်  မေ ၉

 

နယူးဇီလန်နိုင်ငံ၌  အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်အမျိုးအစားသစ် BA.5 ကူးစက်ခံရသူကို ပထမဆုံးအကြိမ်  စစ်ဆေးတွေ့ရှိကြောင်း နယူးဇီလန်ကျန်းမာရေးဝန်ကြီးဌာနက  ယနေ့ သတင်းထုတ်ပြန်သည်။

 

အဆိုပါ  ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရောဂါကူးစက်ခံရသူ ၁၂၃၉၂ ဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းသည် တောင်အာဖရိကနိုင်ငံမှ နယူးဇီလန် နိုင်ငံသို့  အလည်အပတ် လာရောက်သူဖြစ်ကြောင်း သိရသည်။

 

အလားတူ မေ ၁ ရက်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် BA.4 ကူးစက်ခံရသူကိုလည်း စစ်ဆေး တွေ့ရှိခဲ့သည်။  ၎င်းသည်လည်း  တောင်အာဖရိက နိုင်ငံမှဖြစ်ကြောင်း   ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲတစ်ခုချင်းစီ၏   လက္ခဏာများကို   အကဲဖြတ်ရန်   ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်သည်။

 

လွန်ခဲ့သော နှစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၃၉၂ ဦးစစ်ဆေးတွေ့ရှိရပြီး ၁၅ ဦး ထပ်မံသေဆုံးကြောင်း သိရသည်။  လက်ရှိတွင် ရောဂါကူးစက်ခံရသူပေါင်း ၉၈၆၂၆၁  ဦးရှိပြီဖြစ်သည်။ 

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်