နယူးဇီလန်နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လေးဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၂

 

နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ လေးဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ကိုးဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူ လေးဦးစလုံးသည် မကြာသေးမီကပင် နိုင်ငံရပ်ခြားမှပြန်ရောက်လာသူများဖြစ်သည်ဟု သိရသည်။

 

၎င်းတို့အနက် သုံးဦးသည် အော့ကလန်ဒေသမှဖြစ်ပြီး သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်းနှင့် ကျန်တစ်ဦးသည် တောင်ပိုင်းကျွန်းမှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရသူလေးဦးထံမှလူအုပ်စုသို့ ကူးစက်မှုဖြစ်ပွားခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မျောက်ကျောက်ရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီး တိုးတက်မှုအခြေအနေများကို ဆက်လက် စောင့်ကြည့်လျက်ရှိသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ မျောက်ကျောက်ရောဂါကူးစက်ခံရသူအရေအတွက်သည် ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာဖြင့် ဩဂုတ်လလယ်ပိုင်းက အမြင့်မားဆုံးဖြစ်ခဲ့ပြီး ဉရောပနှင့်အမေရိကတို့တွင် ထိုရောဂါကူးစက်မှု အရေအတွက် ကျဆင်းလျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို