နယူးဇီလန်တွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူငါးဦးသေဆုံးပြီး ဒဏ်ရာရသူများပြား

ဝယ်လင်တန်   ၁၀  ဒီဇင်ဘာ

နယူးဇီလန်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည့်နှက်နေသည့်ကျွန်းတွင် မီးတောင်တစ်ခုပေါက်ကွဲခဲ့ရာ ခရီးသွား ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ခရီးသွားနှစ်ဒါဇင်ခန့် ဒီဇင်ဘာ ၉ ရက်တွင် သောင်တင်နေခဲ့ရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အန္တရာယ်များလွန်းပြီး သေဆုံးသူအရေအတွက်မှာ ထပ်တိုးလာ နိုင်သေးသည်ဟု ရဲများကသတိပေးထားသည်။ အပျော်ရေလမ်းခရီးသွား ခရီးသည်များ၊ နိုင်ငံခြားသားများ အပါအဝင် လူပေါင်း ၅၀ ခန့်မှာ မီးတောင်ပေါက်ကွဲသည့်အချိန်၌ ကျွန်းဖြူကျွန်းပေါ်တွင် ရှိနေနိုင်ကြောင်း ယူဆရသည်။

လူပေါင်း ၂၃ ဦး ပြန်လာပြီဖြစ်ကြောင်း ရဲများက ပြောသည်။ သေဆုံးသူအရေအတွက်မှာ ငါးဦးအထိရှိလာပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မီးတောင်ပေါက်ကွဲခဲ့သည့်ကျွန်းမှာ ခရီးသွားများ အဓိက လာရောက်ရာနေရာဖြစ်ပြီး မမျှော်လင့်ဘဲ မီးတောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ဆိုးဆိုးရွားရွား မီးလောင်ခံထားရပြီး ကုသမှုများခံယူလျက်ရှိသည်။ ကျွန်းပေါ်တွင် ပိတ်မိနေသည့် လူအရေအတွက်ကို မသိရသေးပေ။ ကျွန်းပေါ်တွင် အခြေအနေများ တည်ငြိမ်မှုမရှိဘဲ နောက်ထပ် ပေါက်ကွဲမှုများ ဖြစ်လာနိုင်သေးကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကျွန်းပေါ်သို့ ပြန်လာနိုင်ရေး မလွယ်ကူသေးကြောင်း ဒုတိယကော်မရှင်နာ ဂျွန်တင်မ်က ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရမည့် လူများနှင့်အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများ၏ လုံခြုံစိတ်ချရမူကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

အေအက်ဖ်ပီ