မန်စီးတီးအသင်းဟာ  ပရီမီယာလိဂ်ပွဲစဉ်(၂၇)အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၁၄ မိနစ်နဲ့ ၂၇ မိနစ်မှာ အိုရီလိုင်းက နှစ်ဂိုးသွင်းယူပေးခဲ့ပြီး နယူးကာဆယ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ပထမပိုင်းပွဲကစားချိန် ၂၂ မိနစ်မှာ လီဝစ်ဟောလ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ  အိမ်ကွင်းအီတီဟက်ဒ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့်   မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီ အာဆင်နယ်အသင်းကို နှစ်မှတ်အကွာအနေအထားနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ပရီမီယာလိဂ် ပွဲစဉ်(၂၇)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၆ မှတ်ရရှိထားပြီး ဇယားထိပ်က အာဆင်နယ်အသင်းက အဆင့်(၁)နေရာမှာ ဆက်လက်ရပ်တည် နေတာဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာလက်ထက်မှာ ပရီမီယာလိဂ်ဖလားကို လေးနှစ်ဆက်တိုက် ဆွတ်ခူးထားတဲ့ မန်စီးတီးအသင်းဟာ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ရမှတ်ကွာဟမှုကျဉ်းမြောင်းနေတာကြောင့် ယခုရာသီသိမ်းချိန်မှာ ပရီယာလိဂ်ဖလားရယူနိုင်မလားဆိုတာကတော့   စောင့်ကြည့်ရမယ့်  အခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၂၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယားအဆင့်(၁၀) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်ပရီမီယာလိဂ်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နယူးကာဆယ်အသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဝင်ခွင့် play-offs ဒုတိယအကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ  ၂၄ ရက်မှာ ကာရာဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ငွေကြယ်