နယူးနော်မယ်နှင့် ရင်သွေးငယ်

၁၃  ဇွန်

လာမည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည်။ ပုံမှန်စာသင်နှစ်များထက် ရက်သတ္တ ခုနစ်ပတ်ခန့် နောက်ကျဖွင့်လှစ် ရမည့် စာသင်နှစ်အတွက် ကျောင်းသားမိဘများအတွင်း စိုးရိမ်ကြောင့်ကြမှုတို့လည်း ရှိနေသည်။ အထူးသဖြင့် ယခုနှစ်မှစ၍ ကျောင်းထားကြရမည့် ကလေးငယ်များနှင့် စပ်လျဉ်း၍ မိဘတို့ ပူပန်နေကြရခြင်းဖြစ်သည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့်ကို ဦးစွာဖွင့်လှစ်ပြီး တွေ့ကြုံရမည့် အားနည်းချက်၊ လိုအပ်ချက်များကို ပြင်ဆင်ကာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားထားသည်။ ထို့ပြင် ယင်းသို့ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန် အရေးကြီးကြောင်းဖြင့်လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၂၀ -၂၀၂၁ ပညာသင်နှစ် COVID-19 ကာကွယ်၊ ထိန်းချုပ် ၊ တားဆီးနိုင်ရေးနှင့် ပတ်သက်၍ ကျောင်းသို့မလာမီနှင့် ကျောင်းပို့ ချိန်၊ ကျောင်းချိန်အတွင်း မုန့်/ ထမင်းစားနားချိန်၊ ကျောင်းဆင်းချိန်တို့တွင် မိဘ၊ ဆရာနှင့် ကျောင်းသားများ လိုက်နာရမည့် အချက် များ (Version 1.1) ကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ (၂-၆-၂၀၂၀)ရက်စွဲဖြင့် ထုတ်ပြန်ထားရာ သတင်းစာများတွင် ဖော်ပြအသိပေးလျက်ရှိသည်။

ကျောင်းဖွင့်ချိန်တွင် နေ့စဉ်ကျင့်သုံးကြရတော့မည့် အနေအထိုင်၊ အပြုအမူများနှင့် ပတ်သက်၍ မိဘများက မိမိတို့၏ ရင်သွေးကျောင်းသား၊ ကျောင်းသူများကို ယခုကပင်စ၍ အသိပညာပေး လေ့ကျင့်ထားကြရမည့် အချက်များလည်း ပါရှိနေရာ မိဘများ ကိုယ်တိုင်ကျေကျေညက်ညက် လေ့လာ၍ သားငယ် သမီးငယ်တို့ကို ကြိုတင်သင်ကြားပေးထားကြရန် တိုက်တွန်းလိုသည်။ ထို့အပြင် မိဘ၊ ဆရာများ ပူးပေါင်း၍လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်၊ အိမ်နှင့် ကျောင်း၊ ကျောင်းနှင့်အိမ်အကြား ကွင်းဆက်မပြတ် ဆောင်ရွက်ရန်လည်း လိုအပ်မည်ဟု ရှုမြင်မိသည်။

ကိုဗစ်-၁၉ သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့်အတွက် နိုင်ငံတကာတို့တွင်လည်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင်ကျောင်းသား ကျောင်းသူများ ရောဂါကူးစက်မှုအန္တရာယ်မှ ဘေးကင်းလုံခြုံစွာ ပညာသင်ယူမှုရရှိရေးအတွက် အစီအမံများကို ချမှတ်ဆောင်ရွက်ကြရသည်။ ကျောင်းများ အန္တရာယ် ကင်းဘေးရှင်း ဖွင့်လှစ်နိုင်ရေးအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နည်းလမ်းများ အပြန်အလှန် လေ့လာကြရသည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှုများ မြင့်တက်လာမှုကြောင့်

ပြန်ပိတ်ကြရသည့် နိုင်ငံများရှိသလို ရောဂါကာကွယ်ဆေး မတွေ့မချင်း ကျောင်းများကို ပြန်မဖွင့်ဟူ၍ ယတိပြတ်ဆုံးဖြတ် ထားသည့် နိုင်ငံမျိုးလည်း ရှိနေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါက အချိန်ကြာကြာရှိနေဦးမည်ဖြစ်ရာ မိမိတို့၏ နေ့စဉ်ဘဝများကို ပုံစံအသစ် (New Nomal) ဖြင့် ဖြတ်သန်းကြရန် ပြင်ဆင်နေကြရပြီဖြစ်သည်။ ကနဦးတွင် အသား မကျသေးသည့်တိုင်အောင် မဖြစ်မနေကျင့်သုံးကြရမည်သာဖြစ်သည်။ မိမိတို့ကိုယ်တိုင်သာမက ပညာသင်ယူရေးအတွက် ကျောင်းတက် ကြရတော့မည့် မိမိတို့၏ ရင်နှစ်သည်းချာ သားသမီးရတနာတို့ကိုလည်း ကူးစက်ရောဂါမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေး လေ့ကျင့်သင်ကြားပေးခြင်းဖြင့် မကြာမီစတင်တော့မည့် ကျောင်းဖွင့်ရာသီ တွင် ကျန်းမာပျော်ရွှင်စွာ စာသင်ခန်းသို့ ဝင်ရောက်နိုင်ကြမည် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း