ဩစတြေးလျ၌ အပူလှိုင်းကျရောက်မှုကြောင့် မြို့ကြီးများအားလုံး မီးဘေးအန္တရာယ် ကျရောက်

အက်ဒလိတ်၊ ၂၆ ဇန်နဝါရီ

 

ဩစတြေးလျနိုင်ငံတစ်ဝန်း အပူလှိုင်းကျရောက်လျက်ရှိပြီး နေ့အပူချိန် မှာ ၃၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိနေခြင်းကြောင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လျက်ရှိကာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအားလုံးတွင် အရေးပေါ် မီးဘေးအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားရကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

 

တောင်သြစတြေးလျ၊ တက်စ်မေးနီးယား၊ ဗစ်တိုးရီးယား၊ နယူးဆောက်ဝေးလ်နှင့် ကွင်းစလန်း ပြည်နယ်များတွင် အပူလှိုင်းကျရောက်မည်ဟု မိုးလေဝသဌာနမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၂ ရက်ကတည်း က ကြေညာထားခဲ့ပြီးဖြစ်သည်။

 

မန်နေ့က တောင်ဩစတြေးလျပြည်နယ်တွင် အပူချိန်မြင့်မားမှုကြောင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကာ ပြည်နယ်မြို့တော် အက်ဒလိတ်တွင် မီးခိုးများ ဖုံးလွှမ်းလျက်ရှိပြီး ကပ်လျက်တည်ရှိသည့် ဗစ်တိုးရီးယားပြည်နယ်တွင်လည်း အရေးပေါ် မီးဘေးသတိပေးချက် ထုတ်ပြန်ထားရသည်။ တောင်သြစတြေးလျပြည်နယ်တွင် တောမီးကြောင့် မြေရိယာ ၂၅၀၀ ဟက်တာ လောင်ကျွမ်းခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ပြည်နယ်မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

 

ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းနှင့် နယူးဆောက်ဝေးလ် ပြည်နယ်မြို့တော် ဆစ်ဒနီတို့တွင် အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်အထက် ရောက်ရှိနေကြောင်း သိရသည်။ သို့ရာတွင် ယခုအပူချိန်သည် ယမန်နှစ် အပူချိန်နှင့် နှိုင်းယှဉ်ပါက လေထုအတွင်း စိုစွတ်မှုတိုးလာသလို အပူချိန်လျော့နည်းခဲ့ကြောင်း မိုးလေ၀သပညာရှင်များက ထုတ်ပြန်ခဲ့သည်။ ဩစတြေးလျ၏ နွေကာလသည် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိဖြစ်ပြီး ယင်းကာလတွင် အပူချိန်မြင့်မားခြင်းကြောင့် တောမီးများလောင်ကျွမ်းကာ စိုက်ပျိုးမြေ ဧရိယာများစွာ ပျက်စီးဆုံးရှုံး ရလေ့ရှိသည်။

ကိုးကား- ဘီဘီစီ

ဘာသာပြန်-မေလဲ့သင်း