ဩစတြေးလျ၌ တောမီးငြိမ်းသတ်နေစဉ် မီးသတ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန် မီးသတ်တပ်ဖွဲ့ဝင်သုံးဦး သေဆုံး

ကင်ဘာရာ      ဇန်နဝါရီ

တောမီးလောင်မှု အပြင်းအထန် ရင်ဆိုင်နေရသည့် ဩစတြေးလျ၌ ဇန်နဝါရီ ၂၃ ရက်က မီးသတ် လေယာဉ်တစ်စင်း တောမီးငြိမ်းသတ်မှုဆောင်ရွက်နေစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ အမေရိကန် မီးသတ်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ။

စီ ၁၃၀ ဟာကျူလီ မီးသတ်လေယာဉ်သည် နှင်းများထူထပ်သည့် အမျိုးသားဥယျာဉ်တစ်ခုအတွင်း တာဝန်ဆောင်ရွက်နေစဉ် မွန်းလွဲ ၁ နာရီခွဲခန့်က ပျက်ကျခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို မသိရှိရသေးပေ။ သို့ရာတွင် နယူးယောက်ဝေးလ် ကျေးလက်မီးသတ်ဌာနအကြီးအကဲ ရှာနီဖစ်ဆိုင်မွန်က အဆိုပါနေ့ အစောပိုင်းတွင် လေပြင်းများ တိုက်ခတ်နေမှုကြောင့် မီးသတ်လေယာဉ်များကို အခက်အခဲဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဧရိယာအတွင်း၌ တောမီးကို ထိန်းချုပ်နိုင်စေရန် မီးတောက်များနှင့် ရင်ဆိုင်ကာ ကြိုးစားပမ်းစား အလုပ်လုပ်နေကြသည့် မိမိတို့၏ မီးသတ်တပ်ဖွဲ့ဝင် အမြောက်အမြားနှင့် ဝန်ထမ်းအမြောက်အမြား ရှိနေကြောင်း ဖစ်ဆိုင်မွန်က ပြောသည်။ ဩစတြေးလျ၌ တောမီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာလမှ စတင်ကာ တောမီးကြောင့် သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်သည်။

မီးသတ်လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သည့် အမေရိကန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦးတို့သည် တောမီးငြိမ်းသတ်ရေး အကူအညီပေးရန် ကန်ထရိုက်ချုပ်ဆိုထားသည့် ကနေဒါကုမ္ပဏီ Coulson Aviation အတွက် အလုပ်လုပ်ပေးနေကြသူများဖြစ်ကြောင်း သိရသည်။ မီးသတ်လေယာဉ်ပျက်ကျမှုသည် ဩစတြေးလျ အရှေ့တောင်ဘက်တစ်လွှား၌ မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးပမ်းနေရသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ အန္တရာယ်ကို မီးမောင်းထိုးပြခဲ့သည်။

အေအက်ဖ်ပီ