ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်း၊ ရေလွှမ်းမိုးမှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံး

မေ ၁၁

 

ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားသဖြင့် လူသုံးဦးတင်ဆောင်လာသော ကားတစ်စီးသည် ရေစီးနှင့်မျောပါသွားပြီးနောက် ယနေ့မနက်ပိုင်းတွင် အမျိုးသမီးတစ်ဦး၏အလောင်းကိုတွေ့ရှိခဲ့သည်ဟု သိရသည်။ 

 

ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့မနက် ဒေသစံတော်ချိန် ၈ နာရီခန့်က စတင်ကာလုပ်ဆောင်ခဲ့သည်။ အဆိုပါ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးသည် ၎င်း၏ကားထဲတွင် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် အခြားနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ အခြေအနေမစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

 

ကွင်းစလန်ပြည်နယ်ရဲတပ်ဖွဲ့က ရာသီဥတုဆိုးရွားနေသေးသရွေ့ လမ်းမများပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် ခရီးသွားလာမှုမပြုရန်နှင့် မလိုအပ်ပဲခရီးသွားလာမှုကို ရှောင်ရှားကြရန် ပြည်သူများအား သတိပေးပြောကြားထားသည်။

 

ကွင်းစလန်မြောက်ပိုင်း ကတ်ဆိုဝါရီကမ်းရိုးတန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေချိန် ၂၄၄ မီလီမီတာဖြင့် စံချိန်တင်မိုးရွာသွန်းခဲ့သည်။

 

ထိုစိုစွတ်သောရာသီဥတုကြောင့် ကွင်းစလန်ပြည်နယ် မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လမ်းမ ၂၀၀ နီးပါး ရေလွှမ်းခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို