ဇွန် ၃၀

ဩစတြေးလျ အာဏာပိုင်များက သေဆုံးနိုင်ခြေမြင့်မားသည့် H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရသော ငါးကောင်မြောက် တောရိုင်းငှက်တစ်ကောင်ကို ပြည်မကြီးတွင်တွေ့ရှိကြောင်း ယနေ့တွင် အတည်ပြုခဲ့သည်။

သို့ရာတွင် ဒေသတွင်းကူးစက်ပျံ့နှံ့နေသည့် အထောက်အထား မတွေ့ရှိရသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောရေးရာဝန်ကြီး ဂျူလီကော်လင်စ်နှင့် အမျိုးသား တိရစ္ဆာန်ဆေးကုသရေးအရာရှိချုပ် ဒေါက်တာ ဘက်ကွတ်ဆန်တို့က မြို့တော် ကန်ဘာရာ၌ သတင်းထောက်များအား ပြောကြားရာတွင် အနောက်ဩစတြေးလျပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းရှိ ကမ်းခြေတစ်ခုတွင်တွေ့ရှိခဲ့သော ရွှေ့ပြောင်းနေထိုင်သည့် ဂျိုင်းယန့်ပီထရယ် (Giant Petrel) ပင်လယ်ငှက်တစ်ကောင်တွင် H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် တွေ့ရှိခဲ့ကြောင်း စမ်းသပ်အတည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

ယင်းအတည်ပြုချက်ကြောင့် ဩစတြေးလျပြည်မကြီးတွင် သေဆုံးနိုင်ခြေမြင့်မားသည့် H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် အတည်ပြုတွေ့ရှိမှုစုစုပေါင်း ငါးကောင်ရှိသည့်အနက် လေးကောင်သည် အနောက်ဩစတြေးလျပြည်နယ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၂၀၂၀ ပြည့်နှစ်မှစ၍ ကမ္ဘာတစ်ဝန်းတွင် ငှက်များနှင့် အခြားတိရစ္ဆာန် သန်းပေါင်းများစွာ သေဆုံးစေခဲ့သည့် H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုမတွေ့ရှိသေးသည့်တစ်ခုတည်းသောပြည်မကြီးသည် ဩစတြေးလျဖြစ်ခဲ့ပြီး အနောက်ဩစတြေးလျပြည်နယ် တောင်ပိုင်း၌ ဇွန်လ ၁၄ ရက်နေ့က တွေ့ရှိခဲ့သော ရွှေ့ပြောင်းပင်လယ်ငှက်တစ်ကောင်တွင် H5N1 ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည်ဟု သိရသည်။

အမျိုးသား တိရစ္ဆာန်ဆေးကုသရေးအရာရှိချုပ် ဒေါက်တာ ဘက် ကွတ်ဆန်က ယခုအချိန်အထိ H5N1 ဗိုင်းရပ်စ်ကို ရွှေ့ပြောင်းပင်လယ်ငှက်များတွင်သာတွေ့ရှိထားပြီး ဒေသခံငှက်အုပ်စုများအတွင်းသို့ ကူးစက်ပျံ့နှံ့နေကြောင်း အထောက်အထား မတွေ့ရှိရသေးကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို