ဆစ်ဒနီ မတ် ၂၉
ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားနှင့် ဗစ်တိုးရီးယားပြည်နယ်များတွင် နိုင်ငံအတွင်း လောင်စာဆီ ဈေးနှုန်းမြင့်တက်လာခြင်းကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်များ အား အခမဲ့စီးခွင့်ပြုမည်ဖြစ်ကြောင်း မတ် ၂၉ ရက်တွင် ကြေညာခဲ့သည်။
ပြည်နယ်အတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များကို မတ် ၃၁ ရက်မှစတင်၍ အခမဲ့စီးခွင့် ပြုမည်ဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဂျာစင်တာအလန်က ပြောကြားသည်။
ယခုဆောင်ရွက်ချက်သည် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များအား စီးနင်းသည့် ဒေသခံများအတွက် လောင်စာဆီဈေးမြင့် တက်နေသည့်အချိန်တွင် အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ လောင်စာဆီဈေးနှုန်းမြင့်တက်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများကို ခံစားနေရသည့် ဒေသခံများ အတွက် လိုအပ်သည်များကို ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်းလက်ရှိ အချိန်တွင် လောင်စာဆီတစ်လီတာ ဈေးနှုန်းသည် ဩစတြေးလျဒေါ်လာ ၂ ဒသမ ၃၈ ရှိပြီး ၎င်းဈေးနှုန်းသည် ယခင်ဈေးနှုန်းထက်၂၇ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဩစတြေးလျပတ်ထရိုလီယမ် အင်စတီကျု၏ ထုတ်ပြန်ချက်အရ သိရသည်။ ဗစ်တိုးရီးယားပြည်နယ်တွင် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးယာဉ်များကို အခမဲ့စီးနင်းခွင့်ပြုမည်ဆိုပါက တစ်လလျှင်ကုန်ကျ စရိတ် ဩစတြေးလျဒေါ်လာ သန်း ၇၀ ကုန်ကျမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောကြားသည်။ တက်စ်မေးနီးယားပြည်နယ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များအား အခမဲ့စီးခွင့်ပြုခြင်းကို မတ် ၃၀ ရက်မှ ဇူလိုင်လအထိ ဆောင်ရွက်မည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


