ဩစတြေးလျတောမီး ကွင်းစလန်းပြည်နယ်သို့ ဦးတည်ရွေ့လျားသွားမည်ဟု ခန့်မှန်းထား

ဆစ်ဒနီ ၁၃  နိုဝင်ဘာ

လေအေးများ တိုက်ခတ်မှုကြောင့် ဩစတြေးလျ အရှေ့တောင်ပိုင်းတွင် တောမီးလောင်မှု ယာယီအားဖြင့် သက်သာရာရ သွားသော်လည်း လာမည့်သီတင်းပတ်အတွင်း လေပူများတိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည့်အတွက် ဒေသခံများအနေဖြင့် နိုးနိုးကြားကြားရှိကြရန် အာဏာပိုင်များက သတိပေးထားသည်။ လွန်ခဲ့သည့် သီတင်းပတ်မှစတင်ကာ နယူးဆောက်ဝေး ပြည်နယ်တစ်လွှား တောမီးလောင်ကျွမ်းမှု ပျံ့နှံ့သွားခဲ့သည်။

ယခုအခါ အိမ်နီးချင်း ကွင်းစလန်းပြည်နယ်သို့ ရွေ့လျားသွားမည်ဟု ခန့်မှန်းမှုများ ပေါ်ပေါက်လာသည့်အတွက် ခြိမ်းခြောက် မှုများအောက် ရောက်နေသည်။ ကွင်းစလန်းပြည်နယ်တွင် အပူချိန်မှာ ၃၆ ဒီဂရီဆဲစီးယပ်ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ကွင်းစလန်းပြည်နယ် တောမီးနှင့် အရေးပေါ်အခြေအနေများ ဖြေရှင်းရေးဌာနမှ မီရှဲလ်လီယန်းက ယခုအခါ အကူအညီများနှင့် ထောက်ပံ့မှုများ လိုအပ်လာပြီဖြစ်ကြောင်း၊ နယူးဇီလန်နှင့် အခြားသော အိမ်နီးချင်းပြည်နယ်များတွင်လည်း အပြန်အလှန် ဆောင်ရွက်မှုများ လိုအပ်လာကြောင်း ပြောကြားခဲ့သည်။

ကွင်းစလန်းပြည်နယ်တွင် တော မီးလောင်မှုပေါင်း ၆ဝ ခန့် ရှိပြီး ၁၂ ခုမှာ သတိထားစောင့်ကြည့်နေရ ကြောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် ကယ်ဆယ်ရေးအတွက် သတိပေးချက် များ ထုတ်ပြန်ထားရန် အသင့်ပြင်ထား ကြောင်း သိရသည်။ နယူးဆောက်ဝေး ပြည်နယ်တွင် တောမီးလောင်မှုပေါင်း ၁၄၀ ရှိရာမှ ၁၆ ခုမှာ ထိန်းသိမ်းနိုင် သည့်အခြေအနေ ရောက်ရှိသွားပြီ ဖြစ် သည်။ တောမီးကြောင့် လူ သုံးဦးသေ ဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၅ဝ ခန့် ပျက် စီးခဲ့ရသည်။

ဩစတြေးလျနိုင်ငံတွင် နွေရာသီ လများသို့ရောက်တိုင်း တောမီးလောင်မှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်တွင် တောမီးစောစီးစွာလောင်ကျွမ်း မှုကြောင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များဟု ဝေဖန်မှုများ များလာသည်။ ဩစတြေးလျဝန်ကြီးချုပ် စကောက်မောရစ်ဆင်ကို လက်ရှိတောမီးမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်လာရသည့် အကျိုးရလဒ်ဖြစ်သည်လားဟု မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်း မရှိပေ။

အင်န်အိတ်ချ်ကေ