ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ စတင်ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ်

၁၃ စက်တင်ဘာ

 

ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ စတင်ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ် ဒီနေ့(တနင်္ဂနွေနေ့)မှာ ပြောကြားလိုက်ပါတယ်။

 

လူဦးရေ ၉ သန်းနီးပါးနေထိုင်တဲ့ ဩစတြီးယားနိုင်ငံမှာ သောကြာနဲ့ စနေနေ့တွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈၆၉ ဦးရှိကြောင်း၊ တစ်ဝက်ကျော်ဟာ မြို့တော် ဗီယားနားမှဖြစ်ကြောင်း သိပါတယ်။

 

ဝန်ကြီးချုပ် ကတ်ဇ်ကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းနဲ့ စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်မှုကာကွယ်ရန် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရန် လိုအပ်ကြောင်းနဲ့ တစ်နေ့ကို ပိုင်းတွေ့ရှိသူ ၁,၀၀၀ လောက်အထိ ဖြစ်လာနိုင်ကြောင်းပါ သတိပေးပြောကြားလိုက်ပါတယ်။

 

တခြားဉရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စနေနေ့က ၁၀,၀၀၀ လောက်ရှိရာ ဧပြီလက တွေ့ရှိသူ ပမာဏနီးပါးရှိကြောင်းနဲ့ ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နေ့စဉ် ၃,၅၀၀ နီးပါးလောက်ရှိလာတဲ့အတွက် လူစုလူဝေးပမာဏကို လျှော့ချလိုက်တာကိုလည်း တွေ့ရပါတယ်။

 

လာမယ့် တနင်္လာနေ့ကစပြီး ဆိုင်တွေနဲ့ လူအများနဲ့သက်ဆိုင်တဲ့ အဆောက်အအုံအတွင်းမှာ မျက်နှာဖုံးနှာခေါင်းစည်းဝတ်ကို ဝတ်ဆင်ရမယ့် နေရာများအဖြစ် ထည့်သွင်းသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဩစတြီးယားနိုင်ငံမှာ စူပါမတ်ကတ်နဲ့ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ မျက်နှာဖုံးနှာခေါင်းစည်း ဝတ်ဆင်ရမယ့် စည်းမျဉ်းက ရှိပြီးသားဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ပိုး ဆက်လက်ပျံ့ပွား ကူးစက်နေခဲ့မယ်ဆိုရင် အသွားလာ ကန့်သတ်မှုနဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ရေးကိုပါ လုပ်ဆောင်သွားမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

 

ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၃၃,၀၀၀ ကျော်ရှိပြီး ၇၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP