Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများဖြင့် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမည်

ပဲခူး ဇူလိုင် ၂၀

 

ပဲခူးတိုင်းဒေသကြီအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင် ကာကွယ်ရေးနည်းလမ်းများဖြင့် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ပိုင်းတွင် Online Zoom Meeting System ဖြင့် ကျင်းပသည့် ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၂)တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကိုဗစ် (၁၉)ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကိုဗစ် (၁၉)ရောဂါ ကာကွယ်ဆေးအမျိုးအစားအလိုက် ဆေးသက်တမ်းမ ကုန်ဆုံးမီ စနစ်တကျစီမံခန့်ခွဲ၍ ကာကွယ်ဆေးထိုးနှံရန် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အထူးအလေးထား ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောြကားသည်။

 

 ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ် (၁၉)ရောဂါပိုး တွေ့ရှိမှုနှင့် ကုသမှု၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Facility Quarantineများ ကြိုတင် ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ကျန်ရှိမှု နှင့် Oxygen Plant များ အသင့်ဆောင်ရွက်ထားရှိမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ Facility Quarantine များကြံခိုင်မှု စစ်ဆေးခြင်းဆောင်ရွက်ရန်၊ ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်း များ အသိပညာပေး ခြင်းနှင့် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးစာရင်းများ စနစ်တကျ Database အတွင်း ထည့်သွင်းနိုင်ရေး အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)