ရန်ကုန်     ဖေဖော်ဝါရီ     ၁

ONE Friday Fights 140   ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ လုမ္ပနီအားကစားရုံ၌   ကျင်းပရာ မြန်မာဖိုက်တာ  ဆွန်ရက်  အလဲထိုးအနိုင်ရပြီး သွေးလင်းထက် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် သွေးလင်းထက်က Main Event၊ ဆွန်ရက်က Co-Main Event ထိုးသတ်ရခြင်းဖြစ်ပြီး ဆွန်ရက်က ထိုင်းဖိုက်တာ ဘူခေါင်အိုကို ဒုတိယအချီတွင် အလဲထိုးအနိုင်ရကာသွေးလင်းထက်က ထိုင်းဖိုက်တာ ကောင်ချိုင်းကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဆွန်ရက်သည် ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး  ၎င်း၏  လက်သီးချက်များက ပြိုင်ဘက်ကို အထိနာစေခဲ့သည်။ ပထမအချီကတည်းက ဖိအားပေးနိုင်သည့် ဆွန်ရက်သည် ဒုတိယအချီ တစ်မိနစ်ကျော်တွင် လက်သီးချက်ဖြင့် ပြိုင်ဘက်ကစားသမားကို အမှတ်စဉ်ရေတွက်ခံစေခဲ့သည်။ ပြိုင်ဘက် ကစားသမား ပြန်ထအထိုးတွင် ညာလက်သီး၊ ဘယ်လက်သီး ဆင့်ကဲပစ်သွင်းကာ တစ်မိနစ် ၂၁ စက္ကန့်တွင် ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။

သွေးလင်းထက်မှာမူ ထိုင်းဖိုက်တာ ကောင်ချိုင်းကို အသာစီးထိုးသတ်နိုင်ခြင်းမရှိသဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သွေးလင်းထက်အနေဖြင့် နည်းဗျုဟာပိုင်း အပြောင်းအလဲမပြုလုပ်နိုင်သလို ပြိုင်ဘက်ကစားသမားကို အမှတ်ရအောင် ထိုးသတ်နိုင်ခြင်းမရှိသဖြင့် အရေး နိမ့်ခဲ့ခြင်းဖြစ်သည်။  သွေးလင်းထက်သည် နှစ်ပွဲဆက် အမှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - onefc