ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲထိုးရန် အောင်လအန်ဆန် ဂျပန်သို့ရောက်ရှိ

၅ အောက်တိုဘာ

 

ONE ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲထိုးရန် အောက်တိုဘာ ၅ ရက်က ဂျပန်နိုင်ငံသို့ ရောက်ရှိလာသည်။   အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ရယူနိုင်ခဲ့သော်လည်း နှစ်နှစ်နီးပါးအကြာမှာသာ ပထမဆုံးကာကွယ်ပွဲ ထိုးသတ်ရခြင်း ဖြစ်သည်။

 

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ရမည်ဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။ အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်သည့်ကစားသမားမှာ လက်ရှိ ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာဖြစ်ပြီး အကြိတ်အနယ်ထိုးသတ်ရမည့်ပွဲတစ်ပွဲ ဖြစ်လာနိုင်သည်။

 

ONE Championships သည် အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲ၌ တွဲဆိုင်းများစွာ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်းတွင် part-1၊ ညနေပိုင်းတွင် Part-2 ခွဲ၍ ကျင်းပမည်ဖြစ်သည်။ မြန်မာ MMA ကစားသမားဖြစ်သူ ဖိုးသော်သည် နံနက်ပိုင်းကျင်းပမည့်ပွဲတွင် တောင်ကိုရီးယားကစားသမားနှင့် ထိုးသတ်ရမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဘရန်ဒန်ဗီရာတို့၏ ပွဲကိုမူ Part-2 ၏ အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲနှစ်ပွဲသာ ထိုးသတ်မည်ဖြစ်ပြီး နှစ်ပွဲစလုံးကို ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မတ်လက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် ထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် အလဲထိုးအနိုင်ရကာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် ယင်းပွဲပြီးကတည်းက လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ၌ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ခဲ့သည်။

 

အောင်လအန်ဆန်သည် ONE Championship နှင့် ပွဲများဆက်လက်ထိုးသတ်ရန် သဘောတူစာချုပ် ချုပ်ဆိုထားပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပထမဆုံးကာကွယ်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းရမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-Aung La Nsang(Burmese Python) Facebook