ပဲခူး - ရန်ကုန်ပြေးဆွဲနေသည့် ယာဉ်လိုင်း ၉ လိုင်းကို အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွေ့ပြေးဆွဲရန်စီစဉ်

ရန်ကုန် ဇူလိုင် ၄

ပဲခူး - ရန်ကုန်ပြေးဆွဲနေသည့် ယာဉ်လိုင်း ၉ လိုင်းကို အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွေ့ပြေးဆွဲရန် စီစဉ်‌နေလျက်ရှိပြီး၊ လက်ရှိတွင် ဂိတ်များဖွင့်ရန် အဆောက်အဦ ဆောက်လုပ်နေကြောင်း ပဲခူးအဝေးပြေးကော်မတီဝင် ဦးဘမြင့်က ဇူလိုင်  ၂ရက် က YRTC တွင် ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင်ပြုချက်အရ ဂိတ်ခန်းများဖွင့်ရန် အဆောက်အဦ ဆောက်လုပ်မှုမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

"ပဲခူး-ရန်ကုန် ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀ လိုင်းရှိတာမှာ ယာဉ်လိုင်း ၁ လိုင်းကပဲ  ပဲခူး- ဧရာဝတီတိုင်း ဆက်စပ်ဖိုအတွက် ဒဂုံဧရာကနေ ဆက်လက်ပြေးဆွဲပြီး ကျန်ယာဉ်လိုင်း ၉ လိုင်းက အောင်မင်္ဂကို ရွေ့ပြီးပြေးဆွဲမှာ ဖြစ်ပါတယ်။ YCDC ရဲ့ခွင့်ပြုချက်အရ ဂိတ် ၁ အနီးလမ်းဘေးမှာပဲ ပေ ၂၀၀၊ ပေ၆၀ကို ဂိတ်ခန်းဖွင့်လှစ်ဖို့အတွက် ခွင့်ပြုတဲ့အတွက် အဲဒီမှာအဆောက်အဦး ဆောက်လုပ်ပြီးတော့ ဂိတ်ခန်းတွေဖွင့်လှစ်ပြီး ပဲခူး-ရန်ကုန် ပြေးဆွဲကြမှာဖြစ်ပါတယ်။ ဂိတ်ခန်းတွေ ဆောက်လုပ်နေတာက တစ်ဝက်နီးပါး ၅၀ ရာခိုင်နှုန်းလောက်ပြီးပါပြီ။ နောက်ထပ် ၅၀ရာခိုင်နှုန်းကျန်တာလေးက ဒီလအတွင်းမှာလောက်မှာ ပြီးနိုင်ပါတယ်။ ပြီးရင်ဒီလကုန်လောက်ကစပြီး ပြေးဆွဲနိုင်မယ်လို အကြမ်းဖျင်းပြောလိုရပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဂိတ်ခန်းဆောက်လုပ်ပြီးချိန်မှစတင်ကာ ခရီးစဉ်ကို ပြောင်းရွေ့ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ဂိတ်ခန်းများတွင် လာရောက်၍စီးနင်းနိုင်ပြီး တစ်နေ့လျှင် အစီးရေ ၂၀၊ ၃၀ခန့် ဂိတ်ခန်းများတွင် ရှိနေမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်စီးခအနေဖြင့် ပဲခူး-ရန်ကုန်ကို အောင်မင်္ဂလာ အထိ ယာဉ်စီးခ (၃၀၀၀)ကျပ်နှုန်းဖြင့် ယာဉ်လိုင်းများ၏သဘော တူညီချက်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခပိုကောက်ခံပါက  လိုအပ်သကဲ့သို့ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း၎င်းက ပြောကြားသည်။

MT