ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ ကျင်းပ

ပဲခူး မေ ၁၄

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဖြစ်သည့် အားလျော်စွာ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း လှူပူဇော်ပွဲကို မေ ၁၄ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်း လှူပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆု‌တောင်းပြည့် ရွှေမော်ဓောစေ‌တီတော်မြတ်ကြီး တန်ဆောင်းမှ စတင်၍ ဂေါပက အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များက ညောင်ရေအိုးများ ကိုယ်စီ ကိုင်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ပြီး စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ဗောဓိရုက္ခဥဒန ပူဇာမင်္ဂလာစာတမ်းလွှာ ဖတ်ကြား လျှောက်ထားပြီး ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေ သွန်းလောင်းလှူ ပူဇော်ကြသည်။

အဆိုပါ ကဆုန်ညောင်ရေသွန်းလောင်းလှူပူ‌ဇော်ပွဲ အခမ်းအနားသို့
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပဲခူးမြို့နယ်ရှိ ဘုရားဖူးလာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)