ပဲခူးမြို့ ဟင်္သာကုန်းစေတီတော်မြတ်ကြီး၌ ဓာတ်လှကား တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီး

ပဲခူး      ဧပြီ      ၂၃

 

ပဲခူးမြို့၊ သမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီ တောင်ဘက်မုခ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၃)မှ တာဝန်ယူတည်ဆောက်နေ သည့် ဓာတ်လှေကားမှာ ယခုအခါ ၇၅ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

 

ဓာတ်လှေကားတည်ဆောက်ရာတွင် Plinth Level မှ R.C.C. Column (ကွန်ကရစ်တိုင်) နှင့် R.C.C Walling (ကွန်ကရစ်နံရံ) များကို Level by Level ဆာင်ရွက်ခဲ့ရာ ယခုအခါ အမြင့် ၅၁ ပေ ၆ လက်မသို့ ရောက်ရှိနေပြီး နောက်တစ်ဆင့် အမြင့် ၅၉ ပေ ၆ လက်မတွင် ဓာတ်လှေကားအိမ် အကြမ်းထည် တည်ဆောက်ခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ဓာတ်လှေကားမှ ရင်ပြင်တော်သို့ သွယ်တန်းထားသော လျှောက်လမ်းမှာ ၈၀ ရာခိုင်နှုန်း တပ်ဆင်ပြီးဖြစ်၍ ယင်းလျှောက်လမ်းကို ပိုမိုခိုင်ခံပြီး မြန်ဆန်စေရန် H. Section များဖြင့် တည်ဆောက်ခဲ့ကြောင်း၊ လျှောက်လမ်း၏ ဘယ်/ညာတွင် (steel Hand Rail)(စတီးလက်ရန်း) များ တပ်ဆင်ကာ (GI- Hollow) (သံပိုက်) များဖြင့်  (Sun Shade)(နေကာ)တပ်ဆင်ခြင်း၊ (Gypsumboard) (မျက်နှာကြက်)များ တပ်ဆင်ပြီးစီးပါက ၁၀၀ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း နှင့် ဓာတ်လှေကားအိမ် အကြမ်းထည် တည်ဆောက်ခြင်းပြီးစီးပါက ၎င်း R.C.C Roof Slab (ကွန်ကရစ်အမိုး)ပေါ်တွင် မြန်မာမှုအပါအဝင် ဘုံသုံးဆင့် လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်လှေကား၏ ထူးခြားချက်နှစ်ခုအနက် တစ်ခုမှာ ကျန်းမာရေးချို့တဲ့သော ဘိုးဘွားများကို ဘီးတပ်ကုလားထိုင် (Whell Chair) ဖြင့် သယ်ဆောင်ပေးနိုင်ခြင်းနှင့် အခြားတစ်ခုမှာ အရေးပေါ်ထွက်ပေါက်တံခါး (Emergency Door) ပါဝင်ကြောင်း တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဒေါ်ချိုချိုလွင်က ပြောပြသည်။

တင်စိုး(ပဲခူး)