ပဲခူး နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးအား နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်တွင် ရက်ကန်းစင် (၅)စင်ဖြင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ပဲခူးမြို့အတွင်းရှိ အဓိကလမ်းများ၊ အပန်းဖြေဥယျာဉ်များတွင် LED မီးများဖြင့် အလှဆင်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်များ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်သည့်အပြင် ပျော်ပွဲရွှင်ပွဲအနေဖြင့် နိုင်ငံကျော်အနုပညာရှင်များစွာက တေးဂီတများဖြင့် သီဆိုဖျော်ဖြေခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းအား နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်၌ လည်းကောင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းအား နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းမှစတင်၍ ဗုဒ္ဓအသံ ဓမ္မဗိမာန်ရှေ့ စတုဒီမဏ္ဍပ်၌ လည်းကောင်း ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များစွာဖြင့် တေးဂီတဖျော်ဖြေရေး အစီအစဉ်အား နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ညပိုင်းတွင် ရွှေမော်ဓောစေတီတော်၏ ယာဉ်ရပ်နားကွင်း၌ လည်းကောင်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းအား နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ စိန်နားပန် (၈)လုံး၊ ညမီးကြီးမီး (၂)လုံး၊ မီးပုံးပျံအသေး (၁၅၀၀)လုံး၊ နေ့အရုပ်မီးပုံးပျံ (၁၅)လုံးတို့ လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)