ပဲခူးမြို၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြိုနယ်၊ ကံမကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ပဲခူးမြို၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကံမကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူရခြင်း အကြောင်းနဲ့ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်များနဲ့ တပည့်ဒါယကာ၊ ဒါယိကာမများကို အဖြစ်မှန်သိရှိစေရေး ရိုသေစွာလျှောက်ထား တင်ပြသွားမှာ ဖြစ်ပါတယ်ဘုရား။

 

ပထမဦးစွာ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ ဘွဲ့ ၃ ဘွဲ့ ဆက်ကပ် ပူဇော်ခံခဲ့ရတဲ့ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်ဟောင်း ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်ခဲ့တဲ့ ဝင်းနိမ္မိတာရုံ ကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို တပည့်တော်တို့က ရိုသေလေးစားစွာ ရှိခိုးပူဇော်အပ်ပါတယ် ဘုရား။ အလားတူပဲ ဒဏ်ရာရရှိခဲ့တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ဆရာတော်ကြီးအားလည်း ရိုသေစွာရှိခိုးပူဇော်အပ်ပါတယ်ဘုရား။

 

သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ၊ ဒါယိကာမများဘုရား..

 

ဒီဖြစ်စဉ်ဟာ ယခုဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့ အခြေအနေများကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ငါန်းဇွန်၊ မြို့သာဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး မြောက်ခြမ်းက PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေး ကောက်၊ ပြန်ပေးဆွဲ၊ မိုင်းထောင် မိုင်းခွဲ ဖောက်ခွဲတိုက်ခိုက်တာတွေ စတာတွေကို မကြာခဏ လုပ်ဆောင်နေတဲ့နေရာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မဖြစ်ပွားခင် ၁ ရက်အလို ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ PDF အမည်ခံ အကြမ်းဖက် သမား ၅ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ မြို့သာ ကျေးရွာလမ်းအတိုင်း အရပ်ဝတ်များနဲ့ မောင်းနှင်လာပြီး မြို့သာနယ်မြေ ရဲစခန်းကို ပစ်ခတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ရဲစခန်းအနီးမှာနေထိုင်တဲ့ အပြစ်မဲ့ သာမန်အရပ်သားရွာသား ၁ ယောက် ကျဆုံး/သေဆုံးခဲ့ရပါတယ်။ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်လောက်မှာ ဆီမီးခုံနဲ့မန္တလေးပြေးဆွဲနေတဲ့ “ပြည့်စုံအောင်”ယာဉ်လိုင်းက မော်တော်ယာဉ်တစ်စီးကို အကြမ်းဖက် PDF အဖွဲ့က ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ကံမကျေးရွာအနီး ကံမရွာရဲ့ အနောက်မြောက်ဘက်က ဖောင်းကတော၊ သားကျင်ဘက်ကို ခေါ်ဆောင်သွားတယ်ဆိုပြီး ဒေသခံတွေက သတင်းပေးတိုင်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ငါန်းဇွန်မြို့မှာရှိနေတဲ့ လုံခြုံရေး အဖွဲ့များဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အရှေ့ဘက်လမ်းကြောင်း၊ အနောက်ဘက်လမ်းကြောင်း နှစ်ကြောင်းနဲ့ ဖောင်းကတော၊ သားကျင်နေရာကို လုံခြုံရေးဆောင်ရွက်ဖို့ ချီတက်ခဲ့ပါတယ်။ အနောက်ဘက်လမ်းကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တဲ့အဖွဲ့ကို မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ဖောင်းကတောရွာနားအရောက် PDF အကြမ်းဖက်အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေ တောင်ဘက် ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကံမရွာဘက်ကို ထွက်ပြေးသွားတာကိုလည်း တွေ့ရှိရပါတယ်။ တပ်က ကျဆုံး၊ ဒဏ်ရာ ရသူရှိခဲ့သလို အကြမ်းဖက်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုရှိတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ အဲဒါနဲ့ မရှေးမနှောင်းအမှာပဲ အရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့ လုံခြုံရေးအဖွဲ့ရောက်ရှိနေတဲ့ ကံမရွာအနီးက ပစ်ခတ်သံတွေ ကြားခဲ့ရပါတယ်။ အဲဒီ အရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့လုံခြုံရေးအဖွဲ့ကလည်း ခုနက ကျွန်တော်ပြောခဲ့တဲ့ မော်တော်ယာဉ်တစ်စီး ခေါ်ဆောင်သွားတယ်ဆိုတဲ့ ဖောင်းကတော၊ သားကျင်ရွာဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်အဖွဲ့တွေကို ပိတ်ဆို့နိုင်ဖို့ အလျင်အမြန်ချီတက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ အဲ့ဒီလုံခြုံရေး အဖွဲ့တွေဟာ ကံမရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကံမရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစား ယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြ တားဆီးတာလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံး သေနတ်ကို မိုးပေါ်ထောင် ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့ တယ်ဆိုတာကို အကြမ်းဖျဉ်း သိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံစိစစ် ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

 

 

သံယာတော်အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား..

အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့ တာဝန်ထမ်းဆောင်ရမှုဟာ အခက်အခဲများစွာရှိပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ပဲ အရပ်သားအယောင်ဆောင်ပြီး အပြစ်မဲ့ပြည်သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက် ခွဲခြားနိုင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ မြို့ရွာတွေကို ကာကွယ်နိုင်ဖို့၊ သာမန်အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတာဝန်ထမ်းဆောင်နေကြရပါတယ်။

 

တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ စည်ပင်ထွန်းကား ပြန့်ပွားစေဖို့၊ ခိုင်မာစေဖို့ ရှေးယခင်ကတည်းက ယနေ့အထိ တက်ကြွနှိုးကြားစွာ ဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာဝင်တွေ အားလုံး သိရှိပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ် တစ်ခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ပျက်စီးရာ ပျက်စီးကြောင်း အချိန်ကိုက်လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ အထိ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်း သံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း နဲ့ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ် နေနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။

 

သံယာတော်အရှင်မြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား..

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပည့်တော်တို့လည်း ပဋိယတ္တိသာသနာမှာ တန်ဖိုးရှိထင်ရှားကျော်ကြားလှတဲ့ သံဃာတော် အရှင်သူမြတ်တစ်ပါး ဆုံးရှုံးခဲ့ရလို့ များစွာဝမ်းနည်းကြေကွဲရပါ တယ်ဘုရား။ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စုံစမ်းစစ်ဆေး အဖြစ်မှန်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်သည့်အရေး ယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားပါမည်။

 

ဆရာ၊ ဒကာ လက်တွဲညီ သာသနာ့အကျိုးဆက်လက်ဆောင်ရွက်ပါမည်ဘုရား။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုပါဘုရား။