ပဲခူးမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ပြုလုပ်

ပဲခူး     မေ     ၅

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေ ၅ ရက် နံနက်ပိုင်းက (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် စံပြမီးသတ်စခန်းဆုရရှိသည့် ပြည်ခရိုင်မီးသတ်စခန်း တို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဗဟိုအဆင့် အမြန်လမ်းစံပြမီးသတ်စခန်း တတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှုတန်ဖိုး အနည်းဆုံးခရိုင်နှင့် ဗဟိုမီးသတ် သင်တန်းကျောင်းတွင် သင်တန်းသား ထူးချွန်ဆုရရှိသူတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ဗဟိုမီးသတ်သင်တန်းကျောင်းတွင် သင်တန်းသား ထူးချွန်ဆု ရရှိသူများနှင့် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ပြခင်းအတွင်း ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဂတ်အိုး(စ်)မီးလောင်မှု မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှု မီးငြှိမ်းသတ်ခြင်း၊ HNE ကို အသုံးပြု၍ ဆိုင်ကယ်မီးလောင်မှု မီးငြှိမ်းသတ်ခြင်း၊ အထပ်မြင့်အဆောက်အအုံ ရှာဖွေကယ်ဆယ်ရေး ကြိုးဆင်း/ကြိုးတက် သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်တွင် ပိုလန်နိုင်ငံထုတ် Hydraulic Platform & Vehicle Heavy Lifting Vehicle အသုံးပြု၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ခြင်းတို့အား သရုပ်ပြသကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြည့်ရှု့အားပေးကြပြီး မီးသတ်သရုပ်ပြသသည့် တပ်ဖွဲ့ ဝင်များနှင့် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် မိသားစုဝင်များအား ဝန်ကြီးချုပ်နှင့်ဇနီးက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)