ပဲခူးမြို့၌ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူး ၃၁ မေ 


၂ဝ၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ သီရိဟံသာခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြသိင်္ဂီက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးငြိမ်းက ဆေးလိပ် ဆေးရွက်ကြီး သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ရောဂါဝေဒနာများကို တက်ရောက်လာသူများအား အသိပညာပြန့်ပွားပေးနိုင်ရန် ပရိုဂျက်တာဖြင့် ပြသပေးသည်။ 


ထို့နောက် ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသည့်ဧည့်သည်တော်များက ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြသထားသော ပြခန်းငယ်အားလှည့်လည်ကြည့်ရှုကြသည်။


ကမ္ဘာ့ဆေးလိပ်မသောက်ရေး နေ့အဖြစ် နှစ်စဉ်မေလ (၃၁) ရက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားရှိပြီး ယခု ၂ဝ၁၉ခုနှစ်ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် "အသက်အန္တရာယ်ကင်းဝေးဖို့ ဆေးလိပ်ငွေ့ကိုငြင်းပယ်စို့"ဖြစ်သည်။ 

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ပြည်သူလူထုအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုကြောင့်ဖြစ်ပွားလာနိုင်သည့် ရောဂါများနှင့် ဘေးထွက်ဆိုးကျိုးများကို သိရှိနားလည်ဆင်ခြင်နိုင်စေပြီး သောက်သုံးမှုလျော့နည်း လာစေရန် အတွက်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်၏ ဦးတည်ချက်သည်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်မှစ၍ရောဂါ အမျိုးမျိုးကို ဖြစ်ပွားစေကြောင်း အများပြည်သူပိုမိုသိရှိစေရန် အသိပေးတိုက်တွန်းလိုခြင်းဖြစ်ကြောင်း သိရသည်။


ဟိန်းထက်(ပဲခူး)

 

1