ပဲခူးမြို့ပေါ်ကျောင်းများမှ ဆရာဆရာမများအား ရှန်တီ(SVA)ဂျပန်စေတနာ့ဝန်ထမ်းအဖွဲ့မှ သင်တန်းပေး

ပဲခူး ၁၈ ဇွန်


ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ပဲခူးမြို့ပေါ်ရှိ ကျောင်းများမှ ဆရာမများအား ရှန်တီ(SVA) ဂျပန်စေတနာ့ဝန်ထမ်းအဖွဲ့က သင်တန်းများ ပို့ချပေးကြောင်း သိရသည်။


ရှေးဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သက်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရှန်တီ(SVA)ဂျပန်စေတနာ့ဝန်ထမ်းအဖွဲ့မှ ဦးသော်တာစိုးက "သင်တန်းပေးရခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ရုပ်ပြပုံပြင်စာအုပ်လေးတွေကို ဆရာ၊ ဆရာမတွေက ပြန်ပြောတတ်အောင်၊ ကလေးတွေကို ပုံပြင်စာအုပ်လေးတွေဖတ်ပြပြောပြခြင်းဖြင့် စာဖတ်စွမ်းရည်မြင့်တတ်လာမယ် ပြီးတော့ ပညာရေးဌာနပါပူးပေါင်းပါဝင်လာနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်" ဟုပြောကြားသည်။


ထို့နောက် ဆရာ၊ ဆရာမများက သိလိုသည်များ မေးမြန်းရာ ရှန်တီ(SVA) စေတနာ့ဝန်ထမ်းအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီးနောက် ပုံပြင်စာအုပ်များဖြင့် သရုပ်ပြသင်ကြားပို့ချပေးသည်။


အဆိုပါ သင်တန်းကို တစ်ရက်သာကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)

 

 

1