ပဲခူးမြို့ရှိ ပန်းပု၊ ပန်းပွတ်ဈေးကွက်တွင် မီးဖိုချောင်သုံးပစ္စည်းများ မှာယူမှုများပြား

ပဲခူး ဒီဇင်ဘာ ၁၁

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ပန်းပု၊ ပန်းပွတ် လုပ်ငန်းဈေးကွက်တွင် အခြားသော ပန်းပု၊ ပန်းပွတ်ပစ္စည်းများထက် မီးဖိုချောင်သုံး ပစ္စည်းများအား မှာယူအသုံးပြုမှု များပြားကြောင်း ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ ပန်းပုနှင့် ပန်းပွတ်ထည် (ပန်းပွတ်) လုပ်ငန်းပိုင်ရှင် ကိုအောင်အောင်ထံမှသိရသည်။

ပန်းပုနှင့်ပန်းပွတ်ဈေးကွက်တွင် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားဈေးတန်း၊ ရွှေသာလျောင်း ဘုရားဈေးတန်း၊ မြို့ပေါ်ရှိအမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များနှင့် ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးတို့မှ ငရုတ်ဆုံ၊ ဇွန်း၊ ယောက်မ၊ စဉ်းတီတုံး၊ ပန်းကန်၊ ကော်ဖီခွက် အစရှိသည့် မိုးဖိုချောင်သုံး ပစ္စည်းများအား အဓိက မှာယူမှုများပြားကြောင်း သိရသည်။

ပန်းပု၊ ပန်းပွတ်(ပွတ်ထည်) ပစ္စည်းများအား ကုက္ကိုယ်သားဖြင့် အဓိကထုလုပ်ထုတ်ပြီး ပစ္စည်းအမျိုးစားပေါ်မူတည် ဈေးနှုန်းလည်း အမျိုးမျိုးရှိကြောင်း သိရသည်။ ထို့ပြင် မီးဖိုချောင်သုံး ပစ္စည်းများသာမက ဝယ်ယူသူများမှ မှာကြားသည့် ရုပ်ထုများကိုလည်း ထုဆစ်ပေးကြောင်း သိရသည်။

လက်ရှိလုပ်ကိုင်လျှက်ရှိသည့် ပန်းပု၊ ပန်းပွတ်ထည်ပစ္စည်းများသည် ပြည်တွင်းဈေးကွက်တွင် အများပြည်သူ ကြိုက်နှစ်သက်၍ ဝယ်ယူသုံးစွဲမှု များပြားသော်လည်း ပြည်ပဈေးကွက်ထိတိုင် ဈေးကွက်ချဲ့ထွင်နိုင်ရန် ပိုမိုကောင်းမွန်သည့် နည်းပညာများ၊ စက်ကိရိယာပစ္စည်းများ၊ ဆေးများ လိုအပ်ကြောင်း ကူညီပံ့ပိုးမှုများ ရရှိပါက ပြည်ပဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ယဉ်ဦး