ပဲခူးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူး      ဇွန်       ၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၄ ရက် နံနက်ပိုင်းက ပဲခူးမြို့ ကျိုက်ပွန်ဘုရားလမ်း၌ ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ရှေးဟောင်းသမိုင်းဝင် ကျိုက်ပွန်ဘုရားကြီး အဝင်လမ်းအား သဘာဝရှုမျှော်ခင်းနှင့် မျက်စိပသာဒဖြစ်စေရေး၊ လမ်းဘေးဝဲယာ အရိပ်ရ၍ စိမ်းလန်းစိုပြည်စေရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် အပူဒဏ်မှကာကွယ်နိုင်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုအား လျော့နည်းသက်သာစေရေး၊ အများပြည်သူတို့က သစ်တော သစ်ပင်များ၏ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများအား သိမြင်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း” ပြောကြားပြီး သတ်မှတ်ထားသောနေရာတွင် ခရေသစ်မျိုး အပင်ကြီး ၃၇၀ အား ဝန်ကြီးချုပ် ဦးဆောင်ကာ တစ်ပြိုင်နက် စိုက်ပျိုးပေးပြီး စိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)