ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိ

ပဲခူး ဇွန် ၁၈

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇွန် ၁၈ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးဝယ်သူများ၊ ဈေးရောင်းချနေသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ သက်သာသောနှုန်းထားဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ရောင်းချပေးသည့် ဈေးဆိုင်များအား အမိုးအကာများဖြင့် စနစ်တကျ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်၊ နေ့စဉ် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုအား ရပ်ကွက်/ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးဆောင်ရွက်ရန်၊  ဈေးနှုန်းသက်သာမှုနှင့် သန့်ရှင်းလတ်ဆတ်မှုအား တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ရန်၊ အမှိုက်များစနစ်တကျ သိမ်းဆည်းရန်နှင့် ဒေသထွက်ကုန်များ နေ့စဉ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့တွင် ဇွန် ၁၇ ရက်မှစ၍ နေ့စဉ်ရောင်းချလျက်ရှိပြီး ကျန်မြို့နယ် (၂၇)မြို့နယ်ရှိ မြို့မဈေးများတွင် နေ့စဉ်ဒေသထွက် ဆန်၊ ဆီ၊ ငါး၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ဟင်းသီးဟင်းရွက်များအား လက်လီအဆင့်ဆင့်မရှိဘဲ ဒေသခံပြည်သူများ သက်သာသောနှုန်းထားဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်၍ ပြင်ပဈေးနှုန်းထက် များစွာလျော့နည်းသဖြင့် ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)