ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေ ပိုမိုရရှိနိုင်ရေး နည်းလမ်းများ ဆောင်ရွက်နိုင်ရေးနှင့် မိုးရာသီကာလ ဆည် တာတမံများ အန္တရာယ်မဖြစ်စေရေး ကြိုတင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင်   ၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် မင်းရဲ ရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှု၊ ဘေးကင်းလုံခြုံမှု ဆိုင်ရာ အစီအမံများဆောင်ရွက်ထားမှု၊ သီးနှံစိုက်ပျိုးမှုအခြေအနေများနှင့် မင်းရဲသီဟိုခြံလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေ လွှဲဆည်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဖြူချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ဆောင်ရွက်ပြီးစီးမှု၊ ဆည်ရေသောက်စနစ် ဆောင်ရွက်ပြီးစီးမှု၊ ဆည်ရေဖြင့် နွေစပါးနှင့် အခြားသီနှံစိုက်ပျိုးမှု၊ ရေမြှင့်ရေတံခါးများ တပ်ဆင်ရန် ဆောင်ရွက်နေမှု၊ ရဲနွယ်ရေလှောင် တမံနှင့် ဘိုင်းဒါးရေလှောင်တမံ ရေဝင်ရောက်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ်  ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ရေးပေးဝေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်၊ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရေးဆောင်ရွက်ရန်၊ ရေလှောင်တမံ၊ ရေလွှဲဆည်များ ကြံ့ခိုင်လုံခြုံမှု ကြိုတင် ပြင်ဆင်ကြရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဒိုက်ဦးမြို့နယ်ရှိ ဘိုင်းဒါးရေလွှဲဆည်နှင့် ဘုရားကြီးမြို့နယ်ရှိ ဇောင်းတူရေ လွှဲဆည်တို့သို့ ရောက်ရှိပြီး ရေလွှဲဆည်များအတွက် မိုးတွင်းကာလ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)